Home
မြန်မာသတင်း
လူစားထိုးမှုပြဿနာကြောင့် စစ်မှုထမ်းအပတ်စဥ် ၂ ခေါ်ယူရန် စစ်ကောင်စီ ပြန်စိစစ်နေ 
DVB
·
May 7, 2024
SAC Military Training_07052024

စစ်ကောင်စီက စစ်မှုထမ်းအပတ်စဥ် ၂ ကို ထပ်မံခေါ်ယူနေပေမဲ့ လူအစားထိုးပြဿနာတွေ ရှိနေတာကြောင့် သင်တန်းဖွင့်ဖို့ ပြန်လည်စိစစ်နေရတယ်လို့ စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့တွေနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ရန်ကုန်၊ နေပြည်တော်၊ မန္တလေး အပါအဝင် သင်တန်းကျောင်း ၁၅ ကျောင်းမှာ မတ် ၂၉ ရက်က စတင်ကာ စစ်မှုထမ်းအပတ်စဥ် ၁ အတွက် သင်တန်းသားတွေ ပို့ဆောင်ခဲ့ရာမှာ လူအစားထိုးပြဿနာတွေရှိခဲ့တယ်လို့ စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့နဲ့ နီးစပ်သူတဦးက ပြောပါ တယ်။

"တချို့သင်တန်းကျောင်းတွေမှာ နာမည်နဲ့လူက မတူဘူး ဖြစ်နေတယ်။ ပြောရရင် အလှည့်ကျော်လိုက်တာပေါ့။ စစ်အုပ်ချုပ်ရေးအားကောင်းတဲ့ ရန်ကုန်၊ နေပြည်တော်နဲ့ မန္တလေးမှာ အဲဒီပြဿနာတွေပိုများတယ်။ အပတ်စဥ် ၂ မှာ အဲဒီလိုပြဿနာတွေ မဖြစ်အောင် စိစစ်နေတာကြောင့် အပတ်စဥ်  ၂ ကို မခေါ်သေးတာ။”

စစ်တပ်က အရာရှိသားသမီးတွေ၊ လုပ်ငန်းရှင်သားသမီးတွေရဲ့ နာမည်နဲ့ လူစားထိုး သင်တန်းတက်ရောက်သူတွေကို မှတ်တမ်းရေးသွင်းမှ သိရပြီး အောက်ခြေအုပ်ချုပ်ရေး အဖွဲ့အစည်းတွေကို ညွှန်ကြားစာ ပို့ပေးထားတယ်လို့ သင်တန်းကျောင်းနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

“အခုပြဿနာက နေပြည်တော်မှာ အများဆုံးဖြစ်တာ။ ရန်ကုန်ရော၊ မန္တလေးရော သင်တန်းသားက ကိုယ်ရေးရာဇဝင်ဖြည့်တော့ သေချာမဖြေနိုင်ဘူး။ စုံစမ်းကြည့်တော့ လူစားထိုးပြီးတက်တာတွေ့ရလို့ အပတ်စဥ် ၂ ခေါ်ဖို့ ကြာနေတာ။”

လူစားထိုးပြဿနာတွေရှိနေပေမဲ့ သင်တန်းတက်ရောက်တဲ့ သင်တန်းသား အမည်အရင်းနဲ့သာ စစ်မှုထမ်းလက်မှတ် ပေးသွားမှာဖြစ်ပြီး အစားထိုးတက်ရောက်အမည်ကို အသုံးပြုခွင့်ပေးမှာ မဟုတ်ဘူးလို့လည်း သတင်းအရင်းအမြစ်က ဆက်ရှင်းပြပါတယ်။

ဒါ့အပြင် စစ်ကောင်စီက ငွေကြေးဘတ်ဂျက်နဲ့ ကုန်ကျစရိတ်၊ သင်တန်းနေရာတွေကြောင့် တလတကြိမ် စစ်မှုထမ်းသင်တန်းကို ပေးနိုင်မှာမဟုတ်ဘူးလို့ သုံးသပ်ပြောဆိုနေကြပါတယ်။

စစ်ကိုင်းတိုင်း ကလေးခရိုင်မှာ မေ ၁ ရက်က စစ်မှုထမ်းအပတ်စဥ် ၂ အတွက် လူငယ်ဦးရေ ၂၀၀ ကို အမှတ် ၁၀ တန်းမြင့်သင်တန်းကျောင်းကို ပို့ခဲ့ပြီး ဒီနေ့ ဆေးစစ်ဆေးတာ မရှိဘဲ ကနဦး စစ်ဆေးမှုတွေသာ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။ 

စစ်ကောင်စီက ပြီးခဲ့တဲ့ အပတ်စဥ် ၁ မှာ လူဦးရေ ၅၀၀၀ နီးပါးကို ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာရှိတဲ့ စစ်အခြေခံသင်တန်းကျောင်း ၇ ကျောင်းနဲ့ တန်းမြင့်သင်တန်းကျောင်း ၈ ကျောင်းမှာ သင်တန်းပေးခဲ့တာ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013