တရုတ်စစ်တပ်ကြောင့် နိုင်ငံတကာလေပိုင်နက်ထဲမှာ သြစတြေးလျ ကာကွယ်ရေးတပ်သားတွေ အန္တရာယ်ကြားထဲမှာ စွန့်စားနေရမှာမျိုးကို လက်မခံဘူးလို့ သြစတြေးလျဝန်ကြီးချုပ် အန်တိုနီ အယ်လ်ဘန်နီက မေ ၇ ရက်မှာ ပြောကြားလိုက်ပါတယ်။
မြောက်ကိုရီးယားအပေါ် ကုလသမဂ္ဂရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ကျင့်သုံးတဲ့ စစ်ဆင်ရေးမှာ ဩစတြေးလျက ပါဝင်နေတာပါ။
ပင်လယ်ဝါထဲမှာ သြစတြေးလျ စစ်သုံးရဟတ်ယာဉ်တစင်းကို တရုတ်တိုက်လေယာဉ် တစင်းက အန္တရာယ်မကင်းတဲ့ လက်ခံနိုင်စရာမရှိတဲ့ပုံစံနဲ့ ထိပ်တိုက်ရင်ဆိုင်ခဲ့တယ်လို့ ဩစတြေးလျအစိုးရက မေ ၆ ရက်မှာ ပြောပါတယ်။
မြောက်ကိုရီးယားအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေကို တွန်းအားပေးတဲ့ စစ်ဆင်ရေး တစိတ်တပိုင်းအဖြစ် မေ ၄ ရက်က ပင်လယ်ဝါထဲမှာ ပုံမှန်ပျံသန်းနေတဲ့ ဩစတြေးလျနိုင်ငံက MH60R Seahawk ရဟတ်ယာဉ်ရဲ့ ရှေ့ကနေ မီတာရာနဲ့ချီအကွာမှာ တရုတ်လေတပ်မှ J-10 ဂျက်လေယာဉ်က ပျံသန်းရင်း အပေါ်ကနေ မီးကျည်တွေ ကြဲချခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီး ရစ်ချတ် မားလက်စ်က တနင်္လာနေ့ညနေမှာ ပြောခဲ့ပါတယ်။
ဩစတြေးလျစစ်တပ်ပိုင် ဖျက်သင်္ဘော HMAS ဟိုဘော့ထ်ကနေ ပျံသန်းလာတဲ့ ရဟတ်ယာဉ်ဟာ မီးကျည်တွေကို ရှောင်တိမ်းနိုင်ခဲ့ပါတယ်။
ထိပ်တိုက်ရင်ဆိုင်မှုတွေကြောင့် ရဟတ်ယာဉ်နဲ့ လိုက်ပါလာသူတွေ အထိအခိုက်မရှိပေမဲ့ အန္တရာယ်ရှိတယ်လို့ သြစတြေးလျ ကာကွယ်ရေးဌာနက သီးခြားထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
Source/Photo-Reuters