Home
မြန်မာသတင်း
ကျားဖြန့် အွန်လိုင်းငွေလိမ်လုပ်ငန်းလုပ်ကိုင်သူ ၉၀ ကျော်ကို တရုတ်ဘက်လွှဲ၊ စုစုပေါင်း ၄၉,၀၀၀ ရှိလာ
DVB
·
May 7, 2024
crime 752024

တယ်လီကွန်းနဲ့ အွန်လိုင်း ကျားဖြန့်လိမ်လည်မှု သံသယရှိသူ တရုတ်နိုင်ငံသား ၉၂ ဦးကို မြန်မာနိုင်ငံက တရုတ်နိုင်ငံဘက်ကို ထပ်မံလွှဲပြောင်းပေးခဲ့တယ်လို့ တရုတ်ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာနက မေ ၆ ရက်မှာ ပြောတဲ့အကြောင်း တရုတ်ဆင်ဟွာသတင်းမှာဖော်ပြပါတယ်။

ပြီးခဲ့တဲ့နှစ်ကတည်းက တယ်လီကွန်းနဲ့ အွန်လိုင်းလိမ်လည်မှုဆိုင်ရာ ရာဇဝတ်မှုတွေကို တိုက်ဖျက်ဖို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်ခဲ့ပြီး တရုတ်နိုင်ငံဘက်ကို သံသယရှိသူ စုစုပေါင်း ၄၉,၀၀၀ ကို လွှဲပြောင်းပေးခဲ့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ ထပ်မံပို့ဆောင်ခဲ့တဲ့ သံသယရှိသူ ၉၂ ယောက်ကို သက်ဆိုင်ရာ အထောက်အထားတွေ၊ ပစ္စည်းတွေနဲ့အတူ တရုတ်နိုင်ငံကို ပြန်လည်ပို့ဆောင်ထားကြောင်းနဲ့ တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနအနေနဲ့ အဲဒီလို ရာဇဝတ်မှုတွေကို အရှိန်အဟုန်ပြင်းစွာ တိုက်ဖျက်ဖို့အတွက် နိုင်ငံတကာနဲ့ နယ်စပ် တရားဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှုတွေကို မြှင့်တင်ဖို့ ကတိပြုထားတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမြောက်ပိုင်း ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသထဲမှာတော့ ကာစီနိုနဲ့ အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေက တရုတ်နိုင်ငံသားတွေ အပါအဝင် ဒေသတွင်းနိုင်ငံတွေက ပြည်သူတွေကို ပစ်မှတ်ထားကာ လူကုန်ကူးမှု၊ အဓမ္မခိုင်းစေမှု၊ ညှဉ်းပန်းနှိပ်စက်မှုနဲ့ ရာဇဝတ်မှုတွေ ကျူးလွန်နေတာဖြစ်ပါတယ်။

ကိုးကန့်တပ်ဖွဲ့ဖြစ်တဲ့ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)၊ ရက္ခိုင့်တပ်တော် (AA) နဲ့ တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့ကလည်း ကျားဖြန့် အွန်လိုင်းလောင်းကစား လုပ်ငန်းတွေကို တိုက်ဖျက်သွားမယ်လို့ ကြေညာထားပါတယ်။

လွတ်လပ်တဲ့ သုတေသနအဖွဲ့တဖွဲ့ဖြစ်တဲ့ ISP Myanmar အဖွဲ့ရဲ့ သတင်းအချက်အလက်တွေအရ တရုတ်-မြန်မာ နယ်စပ်တလျှောက် မူဆယ်၊ လားရှိုး၊ လောက်ကိုင်၊ ပန်ဆန်း၊ မိုင်းပေါက်၊ မိုင်းလား၊ ကျိုင်းတုံ စတဲ့ မြို့ပေါင်း ၇ မြို့မှာတော့ ကျားဖြန့်လုပ်ငန်းပေါင်း ၃၅ ခုထက်မနည်း ရှိခဲ့ကာ “၁၀၂၇ စစ်ဆင်ရေး” မတိုင်ခင်ကတော့ လောက်ကိုင် တမြို့တည်းမှာတင် ကျားဖြန့်လုပ်ငန်းပေါင်း ၁၅ ခုထက်မနည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။

အထူးသဖြင့် တာချီလိတ်မြို့ဝန်းကျင်မှာ ကျားဖြန့်လုပ်ငန်းပေါင်း ၁၅ ခုထက်မနည်း၊ မြဝတီမြို့ ဝန်းကျင်မှာ လုပ်ငန်းပေါင်း ၂၅ ခုထက်မနည်း ရှိနေတယ်လို့လည်း ISP Myanmar အဖွဲ့က ပြောပါတယ်။

စစ်ကောင်စီအာဘော် သတင်းစာတွေမှာတော့ ၁၀၂၇ စစ်ဆင်ရေး စတင်ပြီးနောက်ပိုင်း တရုတ်၊ ဗီယက်နမ်၊ ထိုင်း၊ အိန္ဒိယ၊ အင်ဒိုနီးရှားနိုင်ငံသား ၅၂,၈၀၀ ကျော်ကို ပြန်လည်လွှဲပြောင်းခဲ့တယ်လို့ ဖော်ပြပြီး အဲဒီထဲမှာ တရုတ်နိုင်ငံသား ၅၀,၇၇၂ ယောက် ပါဝင်နေခဲ့တာပါ။

ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) ရဲ့ အစီရင်ခံစာထဲမှာတော့ ဒီလုပ်ငန်းတွေမှာ ဆန္ဒအလျောက်မဟုတ်ဘဲ ပါဝင်ကြရသူတွေ ရှိနေပြီး အဲဒီနစ်နာရသူတွေကို လူ့အခွင့်အရေးနဲ့အညီ ကူညီဖို့ တိုက်တွန်းထားပေမဲ့ ဘယ်သူက သားရဲ၊ ဘယ်သူက သားကောင်ဖြစ်တယ်ဆိုတာ ခွဲခြားနိုင်ဖို့ ခက်ခဲတယ်လို့ ISP Myanmar အဖွဲ့က ပြောပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာအထူးကိုယ်စားလှယ် တိန်ရှီကျင်းဟာ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ပြီးခဲ့တဲ့ ဧပြီ ၁ ရက်မှာ တွေ့ဆုံပြီး နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေးနဲ့ အွန်လိုင်းလောင်းကစားမှု ပပျောက်ရေး ကိစ္စတွေ ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီ ပြန်ကြားရေးက သတင်းထုတ်ထားပါတယ်။

မြန်မာနိုင်ငံတဝန်းမှာ ကျားဖြန့်လူဖမ်းပွဲတွေ အပြိုင်အဆိုင် လုပ်နေကြပေမဲ့ ကျားဖြန့်ဂိုဏ်းချုပ် တရုတ်နိုင်ငံသားတွေကို ဘယ်လိုဘယ်ပုံ ဖမ်းဆီးအရေးယူနေသလဲဆိုတာ အခုထိ မသိကိန်းအနေနဲ့ ရှိနေဆဲဖြစ်တယ်လို့ ISP Myanmar အဖွဲ့က ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကတော့ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ် တည်ငြိမ်ရေးနဲ့ လုံခြုံရေးသာမက ဒေသတွင်း တည်ငြိမ်ရေးနဲ့ လုံခြုံရေးကိုပါ ထိခိုက်စေတဲ့ ကျားဖြန့် အွန်လိုင်းလိမ်လည်မှုနဲ့ လောင်းကစားလုပ်ငန်း၊ လူကုန်ကူးမှုလုပ်ငန်း၊ မူးယစ်ဆေးဝါးလုပ်ငန်းတွေ အပါအဝင် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုခင်းတွေကို တရုတ်နိုင်ငံ အပါအဝင် ဒေသတွင်းနိုင်ငံတွေနဲ့ ပူးပေါင်းတိုက်ဖျက်သွားမယ်လို့ အခုနှစ်ဆန်းပိုင်းမှာ ကြေညာထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013