Home
မြန်မာသတင်း
အမရပူရတွင် အမှိုက်ပုံမီးလောင်ရာမှ လူနေအိမ် ၁၂ လုံး မီးကူးစက်လောင်ကျွမ်း
DVB
·
May 7, 2024
Amarapura Garbage Fire_07052024

မန္တလေးတိုင်း၊ အမရပူရမြို့နယ်၊ နတ်ရေကန်ကျေးရွာအုပ်စု၊ ညောင်ပင်စောက် ကျေးရွာအနီးမှာ ရှိတဲ့ စည်ပင်အမှိုက်ပုံမှာ မေ ၆ ရက်၊ မနက် ၄ နာရီ၀န်းကျင်က မီးလောင်ပြီး အနီးအနားက လူနေအိမ်တွေကို ကူးစက်လို့ နေအိမ် ၁၂ လုံး မီးကူးစက် လောင်ကျွမ်းသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒေသခံတဦးက “သူများတွေ ပြောကြတာကတော့ နေ့အပူချိန်များလို့ လောင်တယ်တဲ့။ မဖြစ်နိုင်ပါဘူး။ အမှိုက်ပုံမှာ မနက်အစောကြီး လောင်တာဆိုတော့ ရှို့မီးပဲ ဖြစ်မှာပါ။ အခု မီးလောင်ခံရတဲ့အိမ်တွေက လက်လုပ်လက်စား များတယ်။ အကူအညီတွေ လိုတာပေါ့”လို့ ပြောပါတယ်။

လူနေအိမ် ၁၂ လုံး မီးလောင်ကျွမ်းသွားတဲ့အတွက် မီးဘေးသင့်ပြည်သူအယောက် ၅၀ ကျော်ရှိပြီး လူတွေ ထိခိုက်မှုတစုံတရာမရှိဘူးလို့လည်း အမရပူရမြို့က ပရဟိတအဖွဲ့တွေဆီက သိရပါတယ်။

မန္တလေးမြို့ခံ နိုင်ငံရေးသမားတဦးက “အမှိုက်ပုံက ကြီးလွန်းနေတာကို ကြိုတင်မဖြေရှင်းတဲ့အတွက် အခုမီးလောင်မှုဖြစ်စဥ်ဟာ မြို့နယ်စည်ပင်သာယာမှာ အဓိကတာ၀န်အရှိဆုံးလေ။ ပြည်သူလူထုက စည်ပင်ကို အမှိုက်ခွန်ပေးထားပြီးသားလေ။ စည်ပင်က ကြိုတင်ပြင်ဆင်တာမရှိတော့ တကယ်ခံရတာက ပြည်သူပဲပေါ့”လို့ ပြောပါတယ်။

မီးလောင်ရာနေရာကို အမရပူရမြို့နယ်က မီးသတ်မော်တော်ယာဥ်တွေ၊ တခြားမြို့နယ်တွေက မီးသတ်မော်တော်ယာဥ်တွေ၊ မီးသတ်တပ်ဖွဲ့ဝင်တွေ၊ လူမှုကူညီရေးအဖွဲ့တွေနဲ့ ဒေသခံပြည်သူတွေ စုပေါင်းပြီး ၉ နာရီနီးပါး မီးငြိမ်းသတ်ခဲ့ရပါတယ်။

အမှိုက်ပုံမီးလောင်ရတဲ့ အကြောင်းရင်းကို  စုံစမ်းနေဆဲဖြစ်ပြီး မီးလောင်ဆုံးရှုံးမှုတန်ဖိုးကိုလည်း တွက်ချက်နေဆဲ ဖြစ်တယ်လို့ အမရပူရမြို့နယ် မီးသတ်ဦးစီးရုံးကနေ သိရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက မြို့နယ်တချို့မှာ အချိန်အခါမဟုတ် လေပြင်းတိုက်ခတ်ပြီး မိုးပြင်းထန်စွာ ရွာသွန်းတာကြောင့် နေအိမ်တွေနဲ့ သီးနှံစိုက်ခင်းတွေ ပျက်စီးကာ လူနဲ့ တိရစ္ဆာန်တွေ သေဆုံးခဲ့ရပါတယ်။

နေ့အပူချိန်များတဲ့အတွက် မီးလောင်မှုဖြစ်စဥ်တွေ ဖြစ်ပွားခဲ့ပေမဲ့ စစ်ကောင်စီအနေနဲ့ ထိထိရောက်ရောက် ကူညီဆောင်ရွက်ပေးတာမရှိဘူးလို့ ဒေသခံတွေဆီက ပြောပါတယ်။

Photo- အမရပူရမြို့ လူမှုကူညီရေးအဖွဲ့

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013