Home
နိုင်ငံတကာ
ဘရာဇီးတောင်ပိုင်းတွင် မိုးကြီးရေလျှံပြီး သေဆုံးသူဦးရေ ၅၇ ဦး ရှိလာ
DVB
·
May 5, 2024
DeathToll Brazil_05052024

ဘရာဇီးနိုင်ငံ တောင်ဘက်စွန်း ရီယိုဂရန်ဒီ ဒိုဆူလ် ပြည်နယ်မှာ မိုးသည်းထန်ရွာသွန်းလို့ သေဆုံးသူ ၅၇ ဦးအထိ မြင့်တက်လာခဲ့တယ်လို့ ဒေသဆိုင်ရာ အာဏာပိုင်တွေက မေလ ၄ ရက်မှာ ပြောပါတယ်။

မုန်တိုင်းကြောင့် ဥရုဂွေးနဲ့  အာဂျင်တီးနား နိုင်ငံတို့နဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ပြည်နယ်အတွင်း မြို့ပေါင်း ၄၉၇ မြို့ရဲ့ ထက်ဝက်ကျော် ထိခိုက်ခဲ့ပြီး လူ ၆၇ ဦး ပျောက်ဆုံးနေဆဲပါ။ 

လူ ၂၅,၀၀၀ နီးပါး အိုးအိမ်မဲ့ဖြစ်ခဲ့ရတယ်လို့ ရီယိုဂရန်ဒီ ဒိုဆူလ် ပြည်နယ်ရဲ့ အရပ်ဘက်ကာကွယ်ရေး အာဏာပိုင်တွေကပြောပြီး လူပေါင်း ၆၉,၀၀၀ ကျော်ကို ဘေးကင်းရာနေရာဆီ ရွှေ့ထားရသလို ရေကြီးလို့ တိုင်းနဲ့ပြည်နယ် အသီးသီးက လမ်းတံတားတွေလည်း ပျက်စီးခဲ့ပါတယ်။ 

မုန်တိုင်းကြောင့် မြေပြိုမှုအပြင် အသေးစား ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံက ရေကာတာ တစိတ်တပိုင်း ပြိုကျခဲ့ပါတယ်။ ဘန်တို ဂွန်ကာဗက်စ်မြို့က ဒုတိယဆည်တခုလည်း ပြိုကျနိုင်ခြေ ရှိတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

ရီယိုဂရန်ဒီ ဒိုဆူလ် ပြည်နယ်ရဲ့ မြို့တော် ပေါ်တို အယ်လာဂရီမြို့က ကွိုက်ဘာမြစ်ရဲ့ ကမ်းပါးတွေ ကျိုးပေါက်ခဲ့ပြီး လမ်းတွေ ရေလျှံခဲ့ပါတယ်။ ပေါ်တို အယ်လာဂရီမြို့က အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာလည်း ပျံသန်းမှုအားလုံးကို ရက်အကန့်အသတ်မရှိ ဆိုင်းငံ့ထားပါတယ်။

စနေနေ့မှာ ပြည်နယ်မြောက်ပိုင်းဒေသတွေမှာ မိုးပိုရွာနိုင်တယ်လို့ ဘရာဇီးနိုင်ငံ အမျိုးသား မိုးလေဝသဌာနက ဆိုပါတယ်။ အန္တရာယ်ရှိတဲ့ ဒေသတွေမှာနေသူတွေက တခြားနေရာတွေမှာ ခိုလှုံနေကြဖို့ အာဏာပိုင်တွေက တိုက်တွန်းထားပါတယ်။ 

Source/Photo - Renan Mattos/Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013