မြန်မာ့နိုင်ငံရေးပဋိပက္ခတွေရဲ့ သက်ရောက်မှုတွေကို အိမ်နီးချင်းနိုင်ငံတွေထဲ ထိုင်းနိုင်ငံကသာ အဓိကခံနေရတာဟာ ကြာခဲ့ပြီဆိုတော့ သိပ်တော့လည်း မထူးဆန်းတော့သလိုပါပဲ။ ကေအဲန်ယူနဲ့ အကြမ်းဖက်စစ်တပ်တို့ တိုက်ပွဲတွေ ပြင်းထန်ခဲ့တိုင်း ကရင်ပြည်နယ်အတွင်းက မြန်မာစစ်ဘေးသင့်ပြည်သူတွေ ထိုင်းဘက်ခြမ်းကို ပြေးကြရ။ မဲဆောက်က တချို့ရွာတွေမှာဆို လွန်ခဲ့တဲ့ နှစ် သုံး လေးဆယ်ကတည်းက စစ်ဘေးရှောင်ရင်း မပြန်ကြတော့တဲ့သူတွေကို တွေ့ရတာ မနည်းလှပါဘူး။
“ကိုယ့်ဇာတိ ကိုယ်ပြန်ချင်တာပေါ့။ ဒါပေမဲ့ ပြန်မယ်၊ ပြန်မယ်နဲ့ ကျည်ဆန်တွေကြား မပြန်ရဲတော့လို့ ဒီမှာပဲ အခြေချဖြစ်သွားတယ်” လို့ မဲဆောက်မြို့ပြင်၊ ခွေးဂလုတ်ရွာမှာ နှစ် ၃၀ ကျော်ကြာ နေထိုင်နေတဲ့ ကရင်အမျိုးသားကြီးတဦးက အဲဒီလို ပြောပြခဲ့ဖူးပါတယ်။
ဒီဘက်ခေတ် မင်းအောင်လှိုင်ရဲ့ မအောင်မြင်တဲ့ အာဏာသိမ်းပွဲ စတင်ချိန်မှာဆိုလည်း နိုင်ငံရေး တိမ်းရှောင်တွေက မဲဆောက်မှာ ဖွေးလို့။ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၁၄ ရက်၊ ကေအဲန်ယူ ထိန်းချုပ်နယ်မြေ၊ လေးကေ့ကော်မြို့သစ်ကို စစ်တပ်က ဝင်ရောက်စီးနင်းချိန်မှာတော့ လေးကေ့ကော်ဝန်းကျင်ရှိ ဒေသခံတွေရော နိုင်ငံရေးတိမ်းရှောင်တွေပါ မဲဆောက်မြို့ထဲအထိ တရားမဝင် ခိုးဝင်ပြေးသူတွေနဲ့ ထိုင်းဘက်ခြမ်း သောင်ရင်းမြစ်ကမ်းဘေး ထိုင်းအစိုးရ ဖွင့်ထားတဲ့ ယာယီစစ်ရှောင်စခန်း ရောက်သူရောက်နဲ့ ဝရုန်းသုန်းကား။
အဲဒီ ဝရုန်းသုန်းကားကာလ ၁ လဝန်းကျင်မှာ ထိုင်းဘက်ခြမ်း သောင်ရင်းမြစ်ကမ်းဘေး ထိုင်းစစ်တပ်ဘက်က လုံခြုံရေးအင်အား တိုးမြှင့်ထားတာလောက်ပဲ။ အခြေအနေငြိမ်သွားတော့ ယာယီစစ်ရှောင်စခန်းပြန်ရုပ်၊ စစ်တပ်လည်း ပြန်ဆုတ်။ ထိုင်းအတွက် သိပ်အဆန်းတကြယ်လည်း မဟုတ်။
အခု ဧပြီလအတွင်း သင်္ဃန်းညီနောင်နဲ့ မြဝတီမြို့တွင်း တိုက်ပွဲတွေ ပြင်းထန်တော့ ထိုင်းအစိုးရ တော်တော် ယောက်ယက်ခတ်သွားတယ်။ မြဝတီမြို့နဲ့ မျက်နှာချင်းဆိုင် ထိုင်းဘက်ခြမ်း တလျှောက်မှာ စစ်တပ်အင်အား အခိုင်အမာချထားရုံတင်မက တိုက်ပွဲဝင်ရန် အသင့်အနေအထား။ ပြီးတော့ အကြမ်းဖက်စစ်တပ် တိုက်လေယာဉ်တွေ ထိုင်းဘက်ခြမ်းဝင်လာရင် ပြန်မောင်းထုတ်ဖို့နဲ့ တိုက်ခိုက်ဖို့ ထိုင်းလေတပ်ကိုလည်း အမိန့်ပေးထားတယ်ဆိုတော့ ထိုင်းအတွက် ဘယ်တုန်းကမှ မကြုံခဲ့ဘူးတဲ့ အရေးပေါ် အခြေအနေတရပ်။ ကိုယ့်နိုင်ငံတွင်းပြဿနာ မဟုတ်ဘဲ အိမ်နီးချင်း မြန်မာရဲ့ ပြဿနာက ထိုင်းကို တည့်တည့်ဝင်ဆောင့်လေခြင်း။
ဧပြီ ၂၀ ရက်၊ မြဝတီ အမှတ် ၂ တံတားအနီး တိုက်ပွဲပြင်းထန်ခဲ့ရာမှာ အကြမ်းဖက်စစ်တပ်က လူနေရပ်ကွက်တွေလည်း မရှောင် လေကြောင်းကနေ ဗုံးအလုံး ၁၅၀ ဝန်းကျင် ကြဲချခဲ့တာ ထိုင်းအစိုးရအတွက် ရှော့ခ်ရစေမှာလည်း သေချာပါတယ်။ ဘာလို့လဲဆိုတော့ မြဝတီတိုက်ပွဲကို နိုင်ငံတကာက အာရုံစိုက်နေတဲ့အချိန်၊ နိုင်ငံတကာမီဒီယာတွေကလည်း မျက်လုံးဒေါက်ထောက် အနီးကပ် စောင့်ကြည့်နေတဲ့အချိန်၊ ပြီးတော့ တိုက်ပွဲဖြစ်တဲ့နေရာက ထိုင်းပိုင်နက်နယ်မြေနဲ့ ကပ်လျက်၊ မြဝတီ ဆိုတာက မြန်မာနိုင်ငံရဲ့ အရှေ့တောင်အာရှနိုင်ငံများသို့ အဓိက ဝင်ပေါက်နေရာ။ အဲဒီလိုအခြေအနေနဲ့ အဲဒီလိုနေရာမျိုးမှာတောင် အကြမ်းဖက်စစ်တပ်က ဘာကိုမှ ဂရုမစိုက်ဘဲ အမှတ် ၂ တံတားနား ဗုံးမိုးရွာပြလိုက်တာဟာ လိုအပ်လာရင် မြဝတီမြို့ကိုလည်း ဆက်လက်ဗုံးကြဲသွားမှာဖြစ်ကြောင်း အသံမဲ့ လက်တွေ့ ပြောပြလိုက်ခြင်းပါပဲ။
မြဝတီမြို့ပေါ်ကိုသာ ဗုံးကြဲချမယ်ဆိုရင် ပြေးစရာ ကျည်ကွယ်မျက်ကွယ်က မဲဆောက်ဘက်ခြမ်းသာရှိတာမို့ ထိုင်းအစိုးရ မဖြစ်မနေထမ်းရမယ့် စစ်ရှောင်မြန်မာတွေရဲ့ ဝန်က မသေးလှပါဘူး။ ပြီးတော့ လစဉ် ဒေါ်လာသန်းရာနဲ့ချီရှိတဲ့ နယ်စပ်ကုန်သွယ်ရေးဟာ မြဝတီမြို့သာ ပျက်သွားခဲ့ရင် ပြန်လည်နာလန်ထဖို့ဆိုတာ တော်တော့်ကို ရုန်းကန်ရပါမယ်။
ထိုင်းဝန်ကြီးချုပ်ဟာ သင်္ဃန်းညီနောင်စစ်တပ်တွေကို KNLA ပူးပေါင်းတပ်က သိမ်းပိုက်လိုက်ကတည်းက နောက်ဆက်တွဲတိုက်ပွဲတွေ မြဝတီကို ရောက်လာတော့မယ် ဆိုတာနဲ့ မြဝတီကိုရောက်လာရင် ထိုင်းအပေါ်သက်ရောက်မှု ကြီးလိမ့်မယ်ဆိုတာ ကောင်းကောင်းသိခဲ့တယ်။ အဲဒါကြောင့်လည်း သင်္ဃန်းညီနောင်တပ်တွေ အရှုံးပေါ် ဒူးထောက်ပြီးနောက် ထိုင်းဝန်ကြီးချုပ် ဆက်ထာထဝီဆင်က မြန်မာ့အရေး ကြားဝင် ဖျန်ဖြေပေးချင်ကြောင်း ရိုက်တာသတင်းဌာနကို ပြောကြားခဲ့တယ်။ မြန်မာစစ်တပ်ဟာ အင်အားချည့်နဲ့လာတာကြောင့် ဒီအချိန်ဟာ ဆွေးနွေးပွဲပြုလုပ်ဖို့ အချိန်ကောင်း ဖြစ်တယ်လို့လည်း ထိုင်းဝန်ကြီးချုပ်က ဆိုပါတယ်။
မင်းအောင်လှိုင်က ထိုင်းဝန်ကြီးချုပ် ပြောတဲ့ ကြားဝင်ဖျန်ဖြေပေးချင်တယ် ဆိုတာကို ခံတွင်းမတွေ့ပါဘူး။ မြန်မာစစ်တပ် အင်အားချည့်နဲ့လာပြီဆိုတဲ့ စကားကိုလည်း သူတို့ကို စော်ကားတာလို့ မင်းအောင်လှိုင် ခံယူပုံရပါတယ်။ ထိုင်းဝန်ကြီးချုပ်ရဲ့ ပြောကြားချက်ကိုလည်း အဖက်လုပ် တုံ့ပြန်မယ်မထင်ပါဘူး။
ဒါ့ကြောင့် ထိုင်းအစိုးရက မြန်မာ့အရေး အာဆီယံ ဘာလုပ်မှာလဲလို့ ဆက်လက် စစ်ကူတောင်းရတယ်။ အာဆီယံကလည်း အလွယ်တကူပါပဲ။ မြန်မာနယ်စပ်က အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ပြီး တွေ့ဆုံဆွေးနွေးဖို့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေက ဧပြီ ၁၈ ရက်မှာ ဝတ်ကျေတန်းကျေ တိုက်တွန်းလိုက်ပါတယ်။ အာဆီယံရဲ့ အဲဒီလို တိုက်တွန်းမှုမျိုးက မြန်မာ့အရေး အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ် စတင်တာထွက်ခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဧပြီ ၂၄ ရက်ကတည်းကဖြစ်ပြီး လျှာဖျားလေးနဲ့ အကြိမ်ကြိမ် တိုက်တွန်းလွန်းလို့ မြန်မာပြည်သူတွေ တော်တော့်ကို နားညည်းနေခဲ့ပါပြီ။
အဲဒီလို အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေ တိုက်တွန်းပြီး နောက်တရက် ဧပြီ ၁၉ ရက် ညမှာ မြဝတီ အမှတ် ၂ တံတားနား ထွက်ပြေးခိုကပ်နေတဲ့ အကြမ်းဖက်စစ်သားတွေကို KNLA ပူးပေါင်းတပ်က ဒရုန်းနဲ့တိုက်ခိုက်။ နောက်တရက် ဧပြီ ၂၀ မှာ အကြမ်းဖက်တပ်က လူနေရပ်ကွက်ထဲအထိပါ လေယာဉ်ပေါ်က အကြီးအကျယ်ဗုံးကြဲနဲ့ အာဆီယံရဲ့ တိုက်တွန်းချက်အပေါ် ဘယ်လောက်ထိ အလေးထားကြသလဲဆိုတာ ဖော်ပြခဲ့ကြပါတယ်။
အခုလည်း ထိုင်းနိုင်ငံက ဆက်လက်တိုက်တွန်းပြန်ပါတယ်။ မြန်မာ့အရေးကို အတိတ်၊ ပစ္စပ္ပုန်၊ အနာဂတ် အာဆီယံအလှည့်ကျဥက္ကဋ္ဌ ၃ နိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှား၊ လာအိုနဲ့ မလေးရှား ဒါမှမဟုတ် တခြား စိတ်ဝင်စားတဲ့ အာဆီယံနိုင်ငံတွေပါတဲ့ အဖွဲ့က မြန်မာ့အရေး ဆွေးနွေးအဖြေရှာကြဖို့လို့ ဆိုပါတယ်။ ပြောရရင် မြန်မာနိုင်ငံရဲ့ အာဆီယံသို့ အဓိကဝင်ပေါက်မှာ ဖြစ်ချင်တိုင်းဖြစ်နေတဲ့ မြန်မာ့အရေးဟာ ထိုင်းနိုင်ငံကို သက်ရောက်မှု ကြီးနေတာမို့ ရူးချင်ယောင်ဆောင်နေတဲ့ အာဆီယံကို ထိုင်းက ပုတ်နှိုးလိုက်ခြင်းပဲ ဖြစ်ပါတယ်။
ထိုင်းရဲ့ အဲဒီအဆိုပြုချက်ကို လက်ရှိ အာဆီယံအလှည့်ကျဥက္ကဋ္ဌ လာအိုနိုင်ငံက ကြိုဆိုလိုက်ပါတယ်။ ဆိုတော့ မြန်မာ့အရေး အလုပ်မဖြစ်တဲ့ ဆွေးနွေးပွဲတွေ ပြန်လည်စတင်နိုင်ခြေ ရှိပါတယ်။ အာဆီယံမူ ၅ ရပ်ရဲ့ အဓိကအချက်ဖြစ်တဲ့ အကြမ်းဖက်မှုတွေ ရပ်ဖို့၊ ဆွေးနွေးအဖြေရှာဖို့ ဆိုတာကို အကြမ်းဖက်စစ်အုပ်စုက အစဉ်တစိုက် လက်တွေ့သက်သေပြချက်တွေနဲ့ ငြင်းဆန်လာခဲ့တာပါ။ ဧပြီ ၂၅ ရက်နဲ့ ၂၈ ရက်မှာ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ထဲက ဝမ္မသူးဆေးရုံတရုံလုံး လုံးဝကြေမွပျက်စီးသွားတဲ့အထိ အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာဟာ မသိချင်ယောင်ဆောင်နေတဲ့ အာဆီယံကို စစ်အုပ်စုက လက်တွေ့ သက်သေထပ်ပြခြင်းပဲ ဖြစ်ပါတယ်။
အာဆီယံအနေနဲ့ တိုက်တွန်းနှိုးဆော်ရုံသာ ဆက်လုပ်နေမယ်ဆိုရင် နေပြည်တော် စစ်ဗိုလ်ချုပ်တို့သည်လည်း ဆက်လက်ဟားတိုက်ရယ်မောနေကြဦးမှာပါပဲ။ စစ်အုပ်စုကို သကာရည်လောင်းထားတဲ့ သံတမန်ရေး ဝေါဟာရတွေ၊ မျက်နှာချိုသွေးမှုတွေနဲ့ ဆက်ဆံနေလို့ မရတော့ဘူးဆိုတာ ရဲရဲမြင်တတ်ဖို့ လိုအပ်နေပါပြီ။ မူ ၅ ရပ်ကို လုံးဝငြင်းဆန်နေမှုအပေါ် ဘယ်လိုတုံ့ပြန်မလဲဆိုတဲ့ အခန်းကနေ စတင်ဆွေးနွေးဖို့ တော်တော်တောင် နောက်ကျနေပါပြီ။ ပြောရရင် မြန်မာ့အရေး အာဆီယံ အသက်ရှိနေသေးကြောင်း လက်သီးလက်မောင်းတန်း ပြကာ ပျောက်ဆုံးနေတဲ့ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို ဖုန်သုတ်ကြဦးမယ် ဆိုရင်တော့ ဘာမှမလုပ်ဘဲနေတာနဲ့ အတူတူပါပဲ။
မြန်မာ့အရေး အာဆီယံရဲ့ ရပ်တည်ချက်က အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ် အဓွန့်ရှည်ရေးလားလို့ မေးခွန်းထုတ်ရပါမယ်။