တူရကီနဲ့ အစ္စရေး နှစ်နိုင်ငံကြား ကုန်သွယ်မှုပမာဏဟာ ဒေါ်လာ ၉ ဒသမ ၅ ဘီလီယံ ရှိပေမဲ့ ဂါဇာစစ်ပွဲကြောင့် အစ္စရေးနဲ့ ကုန်သွယ်မှုအားလုံးကို ရပ်ဆိုင်းလိုက်ပြီလို့ တူရကီသမ္မတ တာယစ်အာဒိုဂန်က မေ ၃ ရက်မှာ ပြောပါတယ်။
“ကျနော်တို့က ဒီတံခါးကို ပိတ်ထားလိုက်ပြီး ဒီကုန်သွယ်မှုပမာဏ မရှိဘူးလို့ သဘောထားလိုက်ပါတယ်”လို့လည်း သောကြာနေ့ ဝတ်ပြုဆုတောင်းပွဲ အပြီးမှာ သမ္မတ အာဒိုဂန်က သတင်းထောက်တွေကို ပြောပါတယ်။
အမေရိကကစပြီး အနောက်နိုင်ငံအားလုံးက အစ္စရေးအတွက် လုပ်ဆောင်နေကြတာဖြစ်ပြီး အစ္စရေးရဲ့ ဗုံးဒဏ်ကြောင့် ပါလက်စတိုင်းရဲ့ မရှိဆင်းရဲသားတွေနဲ့ ပြည်သူတွေ သေကျေနေရတာကို ရင်ဆိုင်နေရတာကို စိတ်မရှည် သည်းမခံနိုင်တော့ဘူးလို့လည်း အာဒိုဂန်က ပြောဆိုခဲ့ပါတယ်။
ဒါ့ကြောင့် တူရကီနိုင်ငံဟာ အစ္စရေးရဲ့ အဓိက မိတ်ဖက်နိုင်ငံတွေထဲမှာ ပဋိပက္ခနဲ့ပတ်သက်ပြီး ကုန်သွယ်မှုကို ရပ်တန့်လိုက်တဲ့ ပထမဆုံးနိုင်ငံလည်း ဖြစ်လာပါတယ်။
ဂါဇာမှာ အမြဲတမ်း အပစ်အခတ်ရပ်စဲရေးနဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ မရရှိမချင်း တူရကီဟာ အစ္စရေးနဲ့ ကုန်သွယ်မှု ပြန်လည်စတင်တော့မှာ မဟုတ်ကြောင်း ကုန်သွယ်ရေးဝန်ကြီး အိုမာဘိုလတ် က သောကြာနေ့အစောပိုင်းမှာ ပြောကြားခဲ့ပါတယ်။
ဒီဆုံးဖြတ်ချက်ကြောင့် ပါလက်စတိုင်း ညီအစ်ကိုတွေကို လုံးဝမထိခိုက်စေဖို့အတွက် တူရကီဟာ တခြားရွေးချယ်စရာ အစီအစဉ်တွေကိုလည်း ညှိနှိုင်းနေပါတယ်လို့လည်း ဘိုလတ်က ပြောဆိုပါတယ်။
အစ္စရေး နိုင်ငံခြားရေးဝန်ကြီး အစ္စရေးလ်ကတ်ထ်စ် ကတော့ မေ ၂ ရက်မှာ ကြေညာခဲ့တဲ့ တူရကီသမ္မတရဲ့ လုပ်ရပ်ကို ပြစ်တင်ဝေဖန်ခဲ့ပြီး ဒါဟာ နိုင်ငံတကာ ကုန်သွယ်ရေး သဘောတူညီချက်တွေကို ချိုးဖောက်ပြီး “အာဏာရှင်လို ပြုမူလိုက်တာပဲ” လို့ ပြောဆိုပါတယ်။
ဂါဇာကမ်းမြောင်ဒေသအတွက် လေကြောင်းမှ အကူအညီတွေ ပစ်ချပေးတဲ့ စစ်ဆင်ရေးမှာ အန်ကာရာကို ပါဝင်ခွင့်ပြုဖို့ အစ္စရေးဘက်က ငြင်းဆိုခဲ့တာကြောင့် ပြီးခဲ့တဲ့လက တူရကီကလည်း ကုန်ပစ္စည်းအမျိုးအစား ၅၄ မျိုးထဲက သံမဏိ၊ ဓာတ်မြေသြဇာနဲ့ လေယာဉ်ဆီတင်ပို့မှုကို တားမြစ်ခဲ့ပါတယ်။
တူရကီဟာ ၂ နိုင်ငံ ကုန်သွယ်မှုကို ရပ်ဆိုင်းလိုက်ပြီးနောက်မှာ ကုန်ပစ္စည်း အမှာစာတွေ အခိုင်အမာ စာချုပ်ထားကြတဲ့ တူရကီ တင်ပို့ရောင်းချသူတွေဟာ တတိယနိုင်ငံတွေကနေတဆင့် အစ္စရေးကို သူတို့ရဲ့ ကုန်ပစ္စည်းတွေကို ပို့ဆောင်ရမယ့် နည်းလမ်းတွေကို ရှာဖွေနေကြကြောင်း ပို့ကုန်ကဏ္ဍမှ သတင်းရင်းမြစ်တွေက ရိုက်တာကို ပြောပါတယ်။
Source/Photo - Reuters