Home
မြန်မာသတင်း
ကြာအင်းဆိပ်ကြီးက စစ်စခန်း သိမ်းပိုက်ခံရ၊ မြိုင်တွင် ပျူရွာ ဗုံးကြဲခံရ
DVB
·
May 4, 2024
Kyar 452024
Kyar 4 452024
Kyar 3 452024
Kyar 1 452024

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်က စစ်စခန်းတခုကို KNLA နဲ့ ပူးပေါင်းတပ်တွေက သိမ်းပိုက်လိုက်ပြီး မကွေးတိုင်း၊ မြိုင်မြို့နယ်က စစ်သားတွေတပ်စွဲထားတဲ့ ပျူစောထီးကျေးရွာကို ဒရုန်းနဲ့ ဗုံးအလုံး ၁၀၀ ကျော် ကြဲချတိုက်ခိုက်ခဲ့သလို မွန်ပြည်နယ်၊ ရေးမြို့နယ်မှာလည်း စစ်ကူလာတဲ့ ကား ၃ စီး မီးရှို့ခံခဲ့ရပါတယ်။

ကြာအင်းဆိပ်ကြီးမြို့နယ်က စစ်ကောင်စီရဲ့ ခလရ ၂၈၄ အခြေစိုက် တောင်စွန်းစစ်စခန်းကို မေ ၃ ရက်နေ့ မနက်ပိုင်းတွင် KNLA၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF (P29999/ အထူးတပ်ဖွဲ့)၊ Lion Battalion Commando စစ်ကြောင်း၊ Federal Wings၊ Cloud Wings ဒရုန်းပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေဆီကနေ သိရပါတယ်။

အထူးစစ်ဆင်ရေးတပ်ဖွဲ့ SOF ပြန်ကြားရေးတာဝန်ခံက “အဲဒီ တောင်စွန်းစခန်းအား ဧပြီ ၇ ရက်နေ့မှာ ဒရုန်းစစ်ဆင်ရေး စတင်ခဲ့ပြီး ဧပြီ ၁၇ ရက်နေ့က စလို့ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကာ မေလ ၃ ရက်နေ့ မနက်ပိုင်းမှာ အပြီးသတ် ရှင်းလင်းရေးဆောင်ရွက်နိုင်ခဲ့တယ်” လို့ ပြောပါတယ်။

စခန်းသိမ်းရှင်းလင်းရေးဆောင်ရွက်ပြီး လက်နက်ကြီး၊ လက်နက်ငယ် ၄၀ ကျော်နဲ့ ခဲယမ်း အများအပြား သိမ်းဆည်းနိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၆ ယောက် သေဆုံးသလို တပ်ရင်းမှူး အပါအဝင် ၁၃ ယောက်ကတော့ ထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။

တိုက်ပွဲကာလအတွင်း စစ်ကောင်စီက ဖိုက်တာနဲ့ ၈ ကြိမ်၊ Mi 35 နဲ့ ၅ ကြိမ်၊ Y 12 ဗုံးကြဲလေယာဉ်နဲ့ ၂၃ ကြိမ်တိုက်ခိုက်ခဲ့ပြီး တောင်စွန်းကျေးရွာ၊ ဆင်ပြေးကျေးရွာက ဘာသာရေးအဆောက်အဦတွေနဲ့ လူနေအိမ် ၅၀ ကျော် ထိခိုက်ပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။

ဒေသခံတချို့ ထိခိုက်ဒဏ်ရာရခဲ့သလို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ရဲဘော်တချို့လည်း ထိခိုက်ကျဆုံးတာရှိတယ်လို့ တော်လှန်ရေးအင်အားစုတွေဆီကနေ သိရပါတယ်။

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာတော့ စစ်သားတွေ တပ်စွဲထားတဲ့ ပျူစောထီးရွာကို ဒရုန်းနဲ့ ဗုံးတွေ ကြဲချခဲ့တယ်လို့ မြိုင် ပကဖ တာ၀န်ခံတယောက်က ပြောပါတယ်။

“ဧပြီ ၃၀ ရက်နေ့က ညနေ ၃ နာရီလောက်က စစ်ခွေးတွေနဲ့ ပျူတွေနေတဲ့ ဝက်ပုတ်ရွာကို ဒရုန်း ၃ စင်းနဲ့ 2kg ဗုံးသီး ၁၅ လုံး၊ 1.5kg ဗုံးသီး အလုံး ၂၀ နဲ့ မီးလောင်ဗုံး ၂၅ လုံး၊ စုစုပေါင်း ဗုံးအလုံး ၆၀ ကို ပထမအကြိမ် ဖြုတ်ချတိုက်ခိုက်ခဲ့တာပါ” လို့ ဒီဗွီဘီကို ပြောပြပါတယ်။

ဒုတိယအကြိမ်အနေနဲ့ မတ် ၂ ရက်နေ့မှာ အီနာဂါဗုံးသီး ၅၁ လုံး ကြဲချတိုက်ခိုက်ခဲ့ပြီး ၂ ရက်ပေါင်း ဗုံးသီးအလုံး ၁၀၀ ကျော်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဆက်လက်ပြောဆိုပါတယ်။

တိုက်ခိုက်မှုအတွင်း ၀က်ပုတ်ကျေးရွာမှာရှိနေတဲ့  စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေရဲ့ သေဆုံးဒဏ်ရာရရှိမှုကိုတော့ အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။

တော်လှန်ရေး ရဲဘော်တယောက်က “ပစ်မှတ်တွေပေါ်ကို အတိကျဆုံးဖြစ်အောင်ကြဲချနိုင်ခဲ့တယ်။ ၂ ရက်ပေါင်း အလုံး ၁၀၀ ကျော် နည်းတာမှ မဟုတ်တာဗျာ။ ခွေးနဲ့ပျူတွေအများကြီး သေမှာပေါ့။ အတိအကျတော့ ပြောလို့မရသေးလို့ပါ” လို့ ပြောပါတယ်။

အဲဒီ တိုက်ခိုက်မှုကို မြိုင် (ပကဖ) Drone တပ်ဖွဲ့က ဦးစီးပြီး မြိုင် ပကဖ တပ်ရင်း ၁ တပ်ခွဲ (၁)၊ ဘာမထီ (ပြောက်ကျားတပ်ဖွဲ့)၊ ဓားတောင် ပကဖ၊ မြိုင် ပကဖ တပ်ရင်း ၃ တပ်ခွဲ(၄)၊ Jocker (ပြောက်ကျားတပ်ဖွဲ့)၊ ကိုကမ္ဘာကျော် (ပကဖ)၊ MRG (ပြောက်ကျားတပ်ဖွဲ့)၊ RAF Drone Team တပ်ဖွဲ့၊ Ghost of Enemies-GOE Revolution Force တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဝက်ပုတ်ကျေးရွာဟာ ပျူစောထီးကျေးရွာဖြစ်ပြီး စစ်ကောင်စီတပ်သားတွေတပ်စွဲနေထိုင်ကာ ရွာခံပျူစောထီးတွေနဲ့ပေါင်းပြီး ပျူစောထီးမဟုတ်တဲ့အခြားကျေးရွာတွေက ပြည်သူတွေကို ဖမ်းဆီးတာ၊ ငွေကြေးတောင်းခံတာ၊ ပစ္စည်းတွေလုယူတာနဲ့ ကျေးရွာတွေကို မီးရှို့တာတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကုလားကုတ်ကျွန်း တိုက်ပွဲကို စစ်ကူလာပေးတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စီးနင်းလိုက်ပါလာတဲ့ အိမ်စီးကား ၃ စီးဟာ မေ ၃ ရက် နေ့လယ်ဘက်က ကော့ဒွတ်ကူးတို့ဆိပ်မှာ ရပ်ထားတုန်း မီးရှို့ဖျက်ဆီးခံလိုက်ရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

မော့ကနင်အခြေစိုက် ခလရ ၁၀၆ နဲ့ ခမရ ၅၈၈ က စစ်သား ၁၅ ယောက်လောက်လိုက်ပါတဲ့ ကား ၃ စီးကို ကော့ဒွတ်ကျေးရွာ ကူးတို့ဆိပ်မှာထားခဲ့ပြီး စစ်သားတွေက ကုလားကုတ်ကျွန်းဘက်ကို စက်လှေတစီးနဲ့ ထွက်သွားချိန် PDF တွေက မီးရှို့လိုက်တာလို့ ဒေသခံတွေက ပြောပါတယ်။

ကုလားကုတ်ကျွန်းပေါ်ကနေ PDF တွေ ပြန်လည်ဆုတ်ခွာသွားချိန် နှစ်ကရင်ကျေးရွာ အနောက်ဘက်ကမ်းခြေကို စစ်ကောင်စီက အမြောက်တွေနဲ့ ပစ်သလို လေကြောင်းကနေလည်း ဗုံးကြဲပြီး စက်သေနတ်နဲ့ပါ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေ ပြောပါတယ်။

စစ်ကောင်စီက ရေကြောင်း လေကြောင်းကပါ ပစ်ခတ်ခဲ့လို့ နှစ်ကရင်ကျေးရွာအုပ်စု သပြေရွာသစ်ကမ်းခြေနဲ့ နှစ်ကရင် ကားဆိပ်(ကျိုက်ဟလိုင်) ကမ်းခြေနေရာက ခြံအဆောက်အအုံတချို့လည်း မီးလောင်ခဲ့တယ်လို့ ဆိုပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013