Home
အားကစား
ချဲလ်ဆီးအသင်းကို ပြုပြင်ပြောင်းလဲရန်  အချိန်ယူရမည်ဟု နည်းပြပိုချက်တီနိုပြော
DVB
·
May 4, 2024

ချဲလ်ဆီးအသင်းကို ပြုပြင်ပြောင်းလဲဖို့အတွက် အချိန်ယူရမယ်လို့ နည်းပြပိုချက်တီနိုက ပြောပါတယ်။

လက်ကျန် ၄ ပွဲအလိုမှာ အဆင့် ၈ နေရာမှာရောက်ရှိနေတဲ့ ချဲလ်ဆီးအသင်းဟာ အခုနှစ် ရာသီမှာလည်း ဥရောပပွဲကစားခွင့်ရမှာမဟုတ်တော့တဲ့ အခြေအနေပါ။

အသင်းရဲ့အစဉ်အလာကို လိုက်မီဖို့အတွက် လုပ်ဆောင်စရာတွေအ အများကြီး ကျန်နေသေးကြောင်း၊ ပြုပြင်ပြောင်းလဲမှုတိုင်းမှာ အချိန်တခုလိုအပ်ပြီး ချဲလ်ဆီးအသင်းကို အသင်းကောင်း တသင်းအဖြစ်ပြန်လည်တည်ဆောက်ဖို့အတွက် အချိန်တခုယူရမှာဖြစ်ကြောင်း နည်းပြ ပိုချက်တီနိုက ပြောသွားပါတယ်။

ချဲလ်ဆီးအသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ စပါးအသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီး ဂုဏ်ယူဖွယ်ရာစွမ်းဆောင်ရည်ဖြစ်ကြောင်း ပိုချက်တီနိုက  ပြောသွားပါတယ်။

အင်္ဂလန်ပရီးမီးယားလိဂ်ဆီ ပြောင်းရွှေ့လာခဲ့တာက ဘဝရဲ့အကောင်းဆုံး ဆုံးဖြတ်ချက်တခုဖြစ် ကြောင်းလည်းချဲလ်ဆီးနည်းပြ ပိုချက်တီနိုကပြောသွားပါတယ်။

အာဂျင်တီးနားနိုင်ငံသား ပိုချက်တီနိုဟာ နည်းပြဘဝကို စပိန်ကလပ် အက်စ်ပန်ညိုနဲ့ စတင်ခဲ့ပြီး ၂၀၁၃ ခုနှစ်မှာ ဆောက်သမ်တန်အသင်းကို တာဝန်ယူဖို့ အတွက် အင်္ဂလန်ပရီးမီးယားလိဂ်ဆီ ပြောင်းရွှေ့လာခဲ့တာပါ။

အဲဒီနောက် ၂၀၁၄ ခုနှစ်မှာ စပါးအသင်းကို ပြောင်းရွှေ့ခဲ့ပြီး ၂၀၂၃ ခုနှစ်မှာ ပီအက်စ်ဂျီကနေ အင်္ဂလန်ပရီးမီးယားလိဂ်ဆီ တကျော့ပြန်  ပြောင်းရွှေ့လာခဲ့တာပါ။

အင်္ဂလန်နိုင်ငံဆီပြောင်းရွှေ့ပြီး နည်းပြကောင်းတဦးဖြစ်လာဖို့က အိပ်မက် တခုဖြစ်ကြောင်း၊ ဘဝတလျှောက် ဆုံးဖြတ်ချက်တွေထဲမှာ အကောင်းဆုံးဆုံးဖြတ်ချက်ဖြစ်ကြောင်း ပိုချက်တီနိုကပြောပါတယ်။

အင်္ဂလန်မှာ နေထိုင်ရတာက ကိုယ့်ရဲ့အိမ်မှာလို ခံစားရပြီး သက်သောင့်သက်သာရှိကြောင်း နည်းပြပိုချက်တီနိုကပြောပါတယ်။

အသင်းကနေထွက်ခွာတော့မယ့် ချဲလ်ဆီး နောက်ခံလူ သီယာဂိုဆေးလ်ဗားကတော့ အသင်းကထွက်ခွာပြီးရင် မဝေးတော့တဲ့ အနာဂတ်မှာ မတူညီတဲ့တာဝန်နဲ့ ချဲလ်ဆီးအသင်းဆီပြန်လာချင်ကြောင်း ပြောသွားပါတယ်။

အသက် ၃၉ နှစ်ရှိ ဝါရင့်နောက်ခံလူဟာ အခုနှစ်ရာသီအကုန်မှာ အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးမှာ ဖြစ်ပြီး အသင်းကနေထွက်ခွာမှာဖြစ်တယ်လို့လည်း တရားဝင် ကြေညာခဲ့တာပါ။

ချဲလ်ဆီးအသင်းမှာ တရာသီလောက်ပဲကစားမယ်လို့ စိတ်ကူးခဲ့ပေမဲ့ ၄ နှစ်ကြာမြင့် သွားခဲ့ကြောင်း၊ အသင်းနဲ့ ၄ နှစ်တာကာလဟာ အဓိပ္ပါယ်အများကြီးရှိခဲ့ကြောင်း သီယာဂိုဆေးလ်ဗားက ပြောပါတယ်။

အသင်းကနေထွက်ခွါတော့မှာဖြစ်ပေမဲ့ မဝေးတော့တဲ့အနာဂတ်မှာ မတူညီတဲ့ တာဝန်တခုနဲ့ အတူ အသင်းဆီပြန်လာချင်ကြောင်း ပရိသတ်တွေကို နှုတ်ဆက်စကား ပြောရာမှာ ဆေးလ်ဗားက ထည့်သွင်းပြောသွားခဲ့တာပါ။

ဘရာဇီးနောက်ခံလူဟာ ၂၀၂၀ ပြည့်နှစ်က ပီအက်စ်ဂျီကနေ ပြောင်းရွှေ့လာသူဖြစ်ပြီး အသင်းနဲ့ လေးနှစ်တာကာလ အတွင်းမှာ  ပွဲပေါင်း ၁၅၀ ကျော်ကစားခဲ့ပြီး ချန်ပီယံလိဂ်ဆုဖလား၊ ဥရောပစူပါဖလားနဲ့ ကမ္ဘာ့ကလပ်ချန်ပီယံဆုဖလား တွေရယူနိုင်ခဲ့ပါတယ်။ 

Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013