Home
မြန်မာသတင်း
ဧရာဝတီတိုင်းတွင် နွေသီးနှံစိုက်ပျိုးမှု လျော့ကျ 
DVB
·
May 4, 2024
Agri 452024

ဧရာဝတီတိုင်းက တောင်သူတွေအနေနဲ့ အခုနှစ် နွေသီးနှံ စိုက်ပျိုးရာသီမှာ စိုက်ပျိုးရေးသွင်းအားစု ကုန်ကျစရိတ် အလွန်များလာတာကြောင့် နွေသီးနှံတွေကို ၂ ဆကျော် လျှော့ချ စိုက်ပျိုးနေကြရတယ်လို့ ဒေသခံ တောင်သူတွေက ပြောပါတယ်။ 

စိုက်ပျိုးသွင်းအားစု စိုက်ပျိုးစရိတ် အဆမတန်ကုန်ကျလာတာကြောင့် အခုနှစ် နွေသီနှံ စိုက်ပျိုးတဲ့ရာသီမှာ ဧရာဝတီတိုင်းက လယ် ၁၀ ဧကရှိတဲ့ တောင်သူတယောက်က ၄ ဧက၊ ၂ ဧက ရှိတဲ့တောင်သူတယောက်က ၁ ဧကပဲ စိုက်ပျိုးနိုင်ကြတော့တယ် လို့ဆိုပါတယ်။ 

ပန်းတနော်မြို့နယ်မှ တောင်သူတယောက်က “စက်သုံးဆီဈေးနှုန်းတွေကလည်း ပြီးခဲ့တဲ့နှစ်တွေကစပြီး ပုံမှန်ထက် တော်တော်ကို တက်နေတာ။ အနည်းအငယ်သုံးတဲ့ သူတွေအတွက်တော့ ကိစ္စမရှိဘူး။ အများကြီးသုံးရတဲ့ ဦးတို့တောင်သူတွေအတွက် အတော့်ကို ခက်ခဲဖြစ်နေတယ်။ တရာသီလည်း မဟုတ်၊ နှစ်ရာသီလည်း မဟုတ်ဖြစ်နေပြီ။ အရင်က ဆီတပေပါ ၅၀ ဂါလန်ကို ငွေကျပ် ၁ သိန်း ၅ သောင်းပဲရှိတာ။ အခု ၁၅ သိန်းကျော်နေပြီ။ မြေဩဇာ ဈေးနှုန်းတွေကလည်း ဘယ်မြေသြဇာအိတ်ဖြစ်ဖြစ် အရင်က တအိတ် ၃ သောင်းကျော်ပဲရှိတာ။ အခုနှစ် တအိတ်ကို ငွေကျပ် ၁၃၀,၀၀၀ အထိ မြင့်လာတယ်။ ဘယ်လိုမှ မတတ်နိုင်တဲ့ အခြေအနေတွေဖြစ်လာလို့ အခုလိုပဲ ဧကတွေလျော့ပြီး စိုက်ပျိုးရတာ။ ဧကပြည့် စိုက်ချင်တာပေါ့၊ စိုက်ပျိုးစရိတ်အတွက်မ ရှိပါဘူး၊ စားဖို့တောင် အနိုင်နိုင်” လို့ ပြောပါတယ်။ 

ဧရာဝတီတိုင်းမှာ ပြီးခဲ့တဲ့နှစ် သီးနှံစိုက်ပျိုးရာသီက နယ်မြေမတည်ငြိမ်မှုတွေကြောင့် တောင်သူတွေ ဘေးလွတ်ရာထွက်ပြေးနေရပြီး စိုက်ပျိုးသီးနှံတွေ ရိတ်သိမ်းလို့ မရခဲ့တဲ့အတွက် အရှုံးပေါ်ခဲ့တာနဲ့ ဒီနှစ်စိုက်ပျိုးဖို့အတွက် စိုက်ပျိုးစရိတ်တွေ ပြန်မသုံးနိုင်တာတွေလည်း ဖြစ်နေတာလို့ ဆိုပါတယ်။ 

''ဒီနှစ်မှာလည်း နယ်မြေမတည်ငြိမ်မှုတွေ ဆက်ရှိနေပါတယ်။ ကျမတို့ဒေသမှာ ဒီနှစ်လည်း စိုက်ပျိုးဧကတွေ လျော့နည်းနေတယ်။ နည်းနည်းငြိမ်တဲ့ ရွာတွေဘက်မှာတော့ စိုက်ကြတာတွေ့ရတယ်။ ဒါတောင် အရင်လို အများကြီး မဟုတ်ဘူး။ ကျမတို့ ကိုယ်တိုင်လည်း မနှစ်က စိုက်ခဲ့တဲ့ သီးနှံတွေ ပြန်မရိတ်သိမ်းနိုင်ခဲ့တာကြောင့် ဒီနှစ်အရင်းထည့်ဖို့မရှိ ဖြစ်နေတာ။ မရှိတဲ့အတူတော့ မတတ်နိုင်ဘူးလေ၊ ကိုယ်စားဖို့လောက်ပဲ စိုက်တော့မှာ” လို့ ရခိုင်ရိုးမနဲ့ ထိစပ်နေတဲ့ ကြံခင်းမြို့နယ်မှ တောင်သူတယောက်က ပြောပါတယ်။ 

အခု စိုက်ပျိုးရေးသွင်းအားစုတွေ အဆမတန်ဈေးတက်နေတာကြောင့် တောင်သူတွေ အခက်အခဲ ရှိလာတာဟာ နိုင်ငံရေး အကျပ်အတည်းတွေကြောင့် ဖြစ်ပွားလာရတာလို့ စိုက်ပျိုးရေးပစ္စည်းတွေတင်သွင်းရောင်းချတဲ့ စီးပွားရေး လုပ်ငန်းရှင်တဦးက ပြောပါတယ်။

“အခုက အကုန်ကျပ်တည်းနေတာ။ ဒီအခြေအနေတိုင်းဆို မလွယ်တော့ဘူး။ အရောင်းအဝယ်တွေလည်း မကောင်းဘူး။ အခု တောင်သူတွေ အခက်အခဲဖြစ်နေရတဲ့ အဓိက အကြောင်းအရင်းကလည်း ကုန်ဈေးနှုန်းတွေ ထိုးတက်နေတာကြောင့်ပါ။ ကုန်ဈေးနှုန်းတွေ ထိုးတက်လာတာကလည်း နိုင်ငံရေး အကျပ်အတည်းတွေကြောင့်ဖြစ်နေတာ။ ကုန်ဈေး နှုန်းတွေက အခုထက် ထပ်တက်ဖို့သာ ရှိတယ်။”

ဧရာဝတီတိုင်းမှာ တောင်သူတွေဟာ နွေသီးနှံကို စပါးအပြင် မတ်ပဲ၊ ငရုတ်၊ ပဲတီစိမ်း၊ နေကြာ၊ နှမ်း၊ မြေပဲ၊ ဖူးစားပြောင်း၊ အစေ့ထုတ်ပြောင်းနဲ့ ဟင်းသီးဟင်း ရွက်တွေကို စိုက်ပျိုးကြတယ်လို့ သိရပါတယ်။ ဒါ့အပြင် စိုက်ပျိုးစရိတ်လုံးဝမရှိတဲ့ တောင်သူတွေဟာ အခုနှစ် နွေသီးနှံကို မစိုက်နိုင်ကြတော့ဘူးလို့ သိရပါတယ်။ 

Photo - တော်ဝင်၊ကျော်ကျော်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013