Home
မြန်မာသတင်း
ဧရာဝတီတိုင်း၌ စစ်ကောင်စီက ကိုဗစ်ချေးငွေ ခြိမ်းခြောက်တောင်းခံ၊ ဆိုင်ကယ်များကို စစ်ဆေး ငွေညှစ်နေ
DVB
·
May 2, 2024
AyeyarwaddySACcheckCycle_02052024
Farmers_02052024

ဧရာဝတီတိုင်း၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်မှာ ကိုဗစ်ရောဂါကပ်ဘေးကာလတုန်းက တောင်သူတွေ ချေးယူထားခဲ့တဲ့ ချေးငွေတွေကို စစ်ကောင်စီခန့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးတွေက ပြန်လည်တောင်းယူနေတာကြောင့် ဒေသခံတွေ အခက်အခဲကြုံနေရပါတယ်။

တောင်သူတွေကို ထုတ်ချေးထားတဲ့ ကိုဗစ်ချေးငွေအကြွေးကျန်တွေကို မေ ၁၀ ရက်နောက်ဆုံးထား ဆပ်ဖို့နဲ့ ပျက်ကွက်ပါက တည်ဆဲဥပဒေအရ ဖမ်းဆီး အရေးယူမယ်ဆိုပြီး တောင်သူ လယ်သမားတွေကို ရပ်/ကျေးအုပ်ချုပ်ရေးမှူးတွေက အစည်းအဝေး ခေါ်ကာပြောဆို တောင်းယူနေတာလို့ လယ်သမားတဦးက ပြောပါတယ်။

“ကိုယ်ပိုင် လယ်တွေ၊ ယာတွေ ရောင်းဆပ်တဲ့သူတွေ ရှိနေတယ်။ မဆပ်နိုင်သူတွေက ပို များတယ်။ လူကို အရင်းဖမ်းဆီးပြီး အရေးယူမယ်လို့ အုပ်ကြီးတွေက ခြိမ်းခြောက် တောင်းနေတာ။ အစည်းအဝေးလို့ ဆင့်ခေါ်ပြီးပြောတာ တကယ် မလွယ်ပါဘူး။” 

NLD အစိုးရလက်ထက် ကိုဗစ်ချေးငွေတွေကို အတိုးမရှိ ဆိုကာ ချေးထားခဲ့တာဖြစ်ပြီး လက်ရှိ မှာတော့ စစ်ကောင်စီခန့် ရပ်/ကျေး အုပ်ချုပ်ရေးမှူးတွေက ထုတ်ချေးထားတဲ့ ချေးငွေအပြင် ဒဏ်ကြေးနဲ့ ဘဏ်တိုးတွေပါ ထည့်တောင်းနေတယ်လို့ ဒေသခံ လယ်သမားတွေက ပြောပါတယ်။

နောက်ထပ် လယ်သမားတဦးက “ကျမတို့ တောင်သူတွေအတွက် တကယ့် အကျပ်အတည်း ဆိုက်နေတာ။ စပါးဈေးက မငြိမ်သလို စပါးတွေကလည်း မထွက်ဖူးလေ။ အခုလိုအချိန်မှာ အရစ်ကျပြန်တောင်းမှ အဆင်ပြေမယ်ထင်ပါတယ်။ ဥပမာ သိန်း ၃၀ သမားကို တနှစ် ၁၀ သိန်းပြန်တောင်းတာမျိုး လုပ်ပေးစေချင်တယ်။ စပါးဈေး ကိုဗစ်ချေးငွေက အတိုးမရှိလို့ သိထားတာ၊ ခုကျတော့ အဲဒီငွေလည်း အတိုးပါထည့်တောင်းနေတယ်။ ဘာမှန်းကို မသိတော့ပါဘူး။” 

တောင်သူလယ်သမားအရေးဆောင်ရွက်နေသော တရားလွှတ်တော်ရှေ့နေတဦးက “တခုပဲ အဲဒီ ကိုဗစ်ချေးငွေတွေက အရပ်သား NLD အစိုးရလက်ထက် ချေးထားခြင်းဖြစ်တယ်။ လက်ရှိစစ်ကောင်စီက တရားဝင်အစိုးရမဟုတ်တဲ့အတွက် ပေးဆပ်ရန် မလိုဘူး။ သို့သော် တောင်သူတွေက နီးရားဓားကြောက်နေရတော့ မရှိ ရှိတာ ရောင်းချပေါင်နှံဆပ်ဖို့လုပ်တာပေါ့။ တောင်သူတွေအနေနဲ့ ချင့်ချိန် စဉ်းစားပြီး လုပ်ဖို့ ပြောချင်တယ်” လို့ ဆိုပါတယ်။

ဧရာဝတီတိုင်းမှာ ၂၀၂၃ ခု မိုးစပါးစိုက်ပျိုးချိန်နဲ့ အခု ၂၀၂၄ ခု ဆောင်းသီးနှံတွေ စိုက်ပျိုးခဲ့တဲ့ အချိန်တွေမှာ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းမှာ အဓိက သုံးခဲ့ရတဲ့ ဓာတ်မြေဩဇာဈေး ကြီးမြင့်နေတာ၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး၊ အပင်အားဆေး၊ ဒီဇယ်၊ ဓာတ်ဆီဈေး အဆမတန် မြင့်တက်ခဲ့တာအပြင် စပါးအပင် ဖျက်ရွှေခရုတွေ ကျရောက်တဲ့ အခက်ခဲအကျပ် အတည်းတွေနဲ့ ရင်ဆိုင်ခဲ့ရသေးတယ်လို့ သိရပါတယ်။

ဧရာဝတီတိုင်း၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်မှာတော့  တော်လှန်ရေးတပ် PDF တွေ ဝင်ရောက်လာတယ်ဆိုပြီး မြို့အဝင်အထွက်ဂိတ်တွေမှာ စစ်ကောင်စီတပ်က တင်းတင်းကျပ်ကျပ် စစ်ဆေးကာ ဆိုင်ကယ်ဦးထုပ်နဲ့ မှတ်ပုံတင်မပါရင် ငွေညှစ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဘိုကလေးမြို့နယ်မှာ ဧပြီ ၃၀ ရက်နဲ့ မေ ၁ ရက်တွေက စတင်ပြီး တော်လှန်ရေးတပ် PDF တွေ ဝင်လာတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ကားတွေ၊ ဆိုင်ကယ်တွေနဲ့ လူတွေကို တင်းတင်းကျပ်ကျပ် စစ်ဆေးနေတာဖြစ်ပြီး မှတ်ပုံတင်နဲ့ ဆိုင်ကယ်ဦးထုပ် မပါရင် ငွေကျပ် ၇၀,၀၀၀ အထိ ပေးနေရတယ်လို့ ဆိုပါတယ်။

ဘိုကလေးဒေသခံတဦးက “စစ်ကောင်စီတပ် ဦးဆောင်စစ်ဆေးနေတာပါ။ တော်လှန်ရေးတပ် PDF တွေ ဝင်လာတယ်လို့ ဆိုပြီး စစ်ဆေးနေတာ။ လမ်းဆုံ၊ လမ်းခွ နေရာတွေနဲ့ ဂိတ်တွေမှာ ဆိုင်ကယ်တွေနဲ့ ကားတွေကို ရပ်ခိုင်းပြီး ရှေ့မီးနဲ့ အနောက်မီး၊ ဆစ်ဂနယ်မီး၊ ဘက်မှန်၊ ဟွန်း၊ လိုင်စင်နဲ့ ဦးထုပ် ဆောင်းမဆောင်းကိုပါ စစ်ဆေးတယ်။ မှတ်ပုံတင်ပါ စစ်ဆေးတာ။ တခုခုမပါရင် ခွင်ပဲ၊ အနည်းဆုံး ငွေ ၇၀,၀၀၀ ပေးရတာ” လို့ ပြောပါတယ်။

အဲဒီလို စစ်ဆေးတာတွေကို တချို့နေရာတွေမှာ စစ်ကောင်စီတပ်နဲ့အတူ ရဲတပ်ဖွဲ့တွေ၊ မီးသတ်တွေ၊ ပြည်သူ့စစ်တွေ၊ အရပ်ဝတ်နဲ့ ပျူစောထီးတွေက စစ်ဆေးနေတာဖြစ်ပြီး မြို့ရဲ့ တချို့နေရာတွေမှာ နေ့ဘက်အပြင် ညဘက်တွေပါ စစ်ဆေးနေတယ်လို့ ဆိုပါတယ်။

ဘိုကလေးမြို့နယ် ဒေသခံတဦးက “ကောင်လေးနှစ်ယောက် ဆိုင်ကယ်နဲ့လာတာကို စစ်တပ်က မင်းတို့က ဘယ်သွားမလို့လဲ ဆိုပြီး အတင်း လက်တွေကို မြှောက်ခိုင်းပြီး စစ်တာပဲ။ ဈေးလာတက်ဝယ်တာပါလို့ ပြောတော့ အရပ်ရှည်ရှည် အသားမည်းမည်း စစ်သားတယောက်က မင်းတို့ သေသေချာချာ ဖြေစမ်းကွာ၊ ပစ်သတ်လိုက်လို့ ရတယ်၊ မင်းတို့လို အနေအထားတွေကို ပစ်သတ်လိုက်ရင် ငါတို့အတွက် ရာထူးတောင် တိုးသေးတယ်လို့ အော်စစ်နေတာ။ အစ်ကိုက ဦးထုပ်မပါလို့ ၇၀,၀၀၀ ပေးရတာ” လို့ ပြောပါတယ်။

ဘိုကလေးမြို့နယ်မှာ ၂ ရက်အတွင်း စစ်ဆေးငွေညှစ်ခံရသူ အယောက် ၂၀ ထက်မနည်း ရှိတယ်လို့ သိရပြီး စစ်ကောင်စီတပ်က သူတို့ အခုလို စစ်ဆေးတဲ့လုပ်ငန်းတွေ လုပ်နေတာကို ဓာတ်ပုံတွေ၊ ဗီဒီယိုတွေရိုက်ပြီး အွန်လိုင်းပေါ်တင်ရင် စစ်ဆေးဖမ်းဆီးမယ်လို့ ခြိမ်းခြောက်ပြောဆို စစ်ဆေးနေတာလို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ဆေး ငွေညှစ်ခံနေရတာကြောင့် လမ်းအသုံးပြုတဲ့သူတွေအနေနဲ့ အခက်အခဲ အတော်ရောက်နေပြီး ငွေကြေးမပြည့်စုံတဲ့သူတွေအဖို့ ကျန်းမာရေးနဲ့ အရေးပေါ်ကိစ္စရှိပါကလည်း မသွားရဲဖြစ်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

Photo မိုးထက် - တော်ဝင်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013