ရန်ကုန်၊ အင်းစိန်အကျဉ်းထောင်ထဲမှာ အကျဉ်းသားမိသားစုဝင်တွေဆီကနေ ငွေလိမ်တောင်းတဲ့ ဖြစ်ရပ်တွေရှိနေတယ်လို့ အကျဉ်းဦးစီးနဲ့နီးစပ်သူတွေနဲ့ မိသားစုဝင်တွေဆီက သိရပါတယ်။
အင်းစိန်အကျဉ်းထောင်ဝန်ထမ်းတွေက အကျဉ်းသားဟန်ဆောင်ပြီး မိသားစုတွေဆီက ငွေလိမ် တောင်းတဲ့ဖြစ်ရပ်တွေရှိနေတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေနဲ့ အကျဉ်းသား မိသားစုဝင်တွေက ပြောပါတယ်။
စစ်ဆေးကြည့်တဲ့အခါ အကျဉ်းဦးစီးအရာရှိ ယူနီဖောင်းဝတ်ဆင်ထားသူဖြစ်ကြောင်း သိရတာ ဖြစ်ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက တဆင့် ဖုန်းဆက်ငွေတောင်းတာဖြစ်တယ်လို့ အကျဉ်းဦးစီးနဲ့ နီးစပ်သူက ပြောပါတယ်။
“အကျဉ်းထောင်ဝန်ထမ်းဆိုပြီးတော့ အကျဉ်းသားတွေရဲ့ မိသားစုဝင်တွေဆီက အုပ်ချုပ်ရေးမှူး တွေက တဆင့်ဖုန်းဆက်ပြီးတော့ အကြောင်းပြချက်တွေနဲ့ ပိုက်ဆံတွေတောင်းနေတာ၊ ပိုက်ဆံကို သိန်းချီတောင်းတယ်။ ၈ သိန်း ၁၀ သိန်း အာ့လိုတွေတောင်းတာ၊ ဒီဖြစ်စဉ်ရဲ့ ထူးခြားချက်က ရက်ကွက်အုပ်ချုပ်ရေးမှူးတွေကတဆင့် ဖုန်းတွေက မိသားစုဝင်တွေဆီကို ဆက်တာ၊ အဲဒီဝန်ထမ်းဆိုတဲ့သူရဲ့ ဖုန်းကိုကြည့်တော့ အဲဒီဖုန်းက တော်တော်များများ ရပ်ကွက်အုပ်ချုပ်ရေးမှူး လေးငါးယောက်လောက်ကို ဆက်ထားတာ တလုံးတည်းပဲ။ သူ့ရဲ့ ဖုန်းမှာ သူ့ရဲ့ပုံနဲ့ အကျဉ်းဦးစီးယူနီဖောင်းဝတ်ထားတယ်။ တကယ်ပဲအကျဉ်းဦးစီးက ဝန်ထမ်းကလား၊ မဟုတ်ရင် ဝန်ထမ်းအတုလားပေါ့။”
အကျဉ်းထောင်တွေထဲ ငွေလိမ်တောင်းတဲ့ ဖြစ်စဉ်တွေက အကျဉ်းထောင်တိုင်းလိုလိုမှာ ကြုံနေရတာဖြစ်ပြီး ငွေလိမ်တောင်းခံရသူ မိသားစုဝင်တဦးကလည်း ကိုယ်တွေ့ ကြုံခဲ့ရတဲ့ဖြစ်ရပ်ကို ပြန်ပြောပြပါတယ်။
“ကျနော်တို့က ပိုက်ဆံကို လတိုင်းလတိုင်းပုံမှန်ပို့ပေးတယ်။ သူ့အတွက်ပုံမှန်ပို့ပေးတဲ့ပိုက်ဆံတွေက သူ့လက်ထဲကို မရောက်ဘဲ ဝန်ထမ်းတွေက လိမ်သွားတာဗျ အနည်းဆုံးကျနော်တို့ ဘယ်လောက်တောင်ပါသွားလဲဆိုတော့ ၇ သိန်းကျော်တယ်။ ရှေ့နေကလည်း နောက်မှ သိတယ် ကျနော်ကလည်း ကိုယ့်အစ်ကို လက်ရေးကိုယ်သိတယ်၊ ကိုယ့်အစ်ကို လက်မှတ်သိတယ်၊ ရှေ့နေကိုပြောပြတယ်။ ဆရာမရေ ဒီလက်ရေးကတော့ ကျနော့်အစ်ကိုလက်ရေး မဟုတ်ဘူး။ လက်မှတ်ကလည်း သူ့လက်မှတ်မဟုတ်ဘူး ပြောတယ်။ ကွန်ဖန်းပြန်လုပ်ပေးပါဆိုပြီး။ အဲတာ သူနောက်ရက်ကျ ပြန်စစ်ပေးတော့ ဟုတ်တယ်တဲ့။ အခုလနဲ့ဆို ကျနော်သွားတွေ့တာ ငါးလရှိပြီပေါ့ အဲတာပထမဆုံးသွားတွေ့တော့ ညီလေးကိုကြီး မမှာဘူးတဲ့။ အဲလိုဖြစ်သွားပြီဆိုတော့ ဘယ်တတ်နိုင်မလဲ။”
အကျဉ်းဦးစီးအရာရှိအဖြစ်နဲ့ ငွေတောင်းခံနေတဲ့ ကိစ္စက အကျဉ်းဦးစီးဌာကိုထိခိုက်သလို အကျဉ်းသား မိသားစုဝင်တွေရဲ့ လုံခြုံရေးစိတ်ပူရတဲ့အတွက် အကျဉ်းဦးစီးအနေနဲ့ အရေးယူဆောင်ရွက်ဖို့ အရေးကြီးတယ်လို့ အကျဉ်းထောင်နဲ့နီးစပ်သူက ပြောပါတယ်။
“လက်ရှိဖြစ်နေတာ အင်းစိန်မှာပေါ့။ အင်းစိန်က လက်ရှိအကျဉ်းဦးစီးပေါ့ အင်းစိန်ထောင်ပေါ့။ အကျဉ်းသားတွေရဲ့ မိသားစုဝင်တွေနဲ့ ပတ်သက်ပြီး ဒီလိုတွေ ဖုန်းတွေဆက်ပြီး ပိုက်ဆံတောင်းနေတာသည် အကျဉ်းသားတွေရဲ့ မိသားစုဝင်တွေအတွက်ပါ လုံခြုံမှုမရှိသလို အကျဉ်းသားမိသားစုဝင်တွေကို လိမ်လည်ပြီးတော့ ပိုက်ဆံတောင်းနေတယ်ဆို တာပေါ်လွင်နေတယ်။ ဒါကိုအကျဉ်းဦးစီးကနေ အရေးယူသင့်တယ်၊ မဟုတ်ရင် အင်းစိန်ထောင်မှာရှိတဲ့ အရာရှိတွေက သူခိုးတွေ လူလိမ်တွေလို့ အားလုံးက ထင်သွားလိမ့်မယ်။”
အခုဖြစ်ရပ်နဲ့ ပက်သက်လို့ အင်းစိန်ထောင် အာဏာပိုင်တွေကို DVB အနေနဲ့ သီးခြား ဆက်သွယ်မေးမြန်းနိုင်တာ မရှိသေးပါဘူး။
အင်းစိန်အကျဉ်းထောင်မှာ ထောင်ဝင်စာလူတွေနဲ့ ထောင်ဝင်စာပို့တဲ့အခါမှာ အခက်အခဲတွေအ များကြီးရှိနေပြီး ထောင်ဝန်ထမ်းတွေက နေရာကြိုရောင်းချမှုတွေရှိနေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေး အကျဉ်းသားများကွန်ရက်က ထုတ်ပြန်ပြောဆိုထားပါတယ်။
ဝေဝေ