ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ကို ချင်းညီနောင်အဖွဲ့က ရက္ခိုင့်တပ်တော် (AA) ရဲ့ အကူအညီတွေနဲ့ ဧပြီ ၂၉ ရက်မှာ သိမ်းပိုက် ရရှိခဲ့တယ်လို့ ချင်းညီနောင်အဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
အခု သိမ်းပိုက်ရရှိတဲ့ ကျင်ဒွေးမြို့ရှိ စစ်ကောင်စီတပ်စခန်းကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလကတည်းက နယ်မြေခံ CDF-Kanpetletနဲ့ တခြား CDF ၊ PDF တွေနဲ့အတူ ပူးပေါင်းပြီး ၃ လကြာ တိုက်ခိုက်ခဲ့ကြတာလို့ ဆိုပါတယ်။
အဲဒီနောက်မှာ ချင်းညီနောင်စစ်ဆင်ရေးအဖြစ် ဖွဲ့စည်းခဲ့ကြပြီး CDF၊ PDF၊ YDF၊ GZA၊ LPDF တို့ပူးပေါင်းပြီး ရက္ခိုင့်တပ်တော်ရဲ့ အကူအညီနဲ့အတူ စစ်ဆင်ရေးအရှိန်အဟုန်မြင့်တင်ပြီး ထိုးစစ်ဆင် တိုက်ခိုက်ရာကနေ ၅၄ ရက်အကြာ ဧပြီ ၂၉ ရက် မနက်ပိုင်းမှာ စစ်ကောင်စီရဲ့ ကျင်ဒွေးစခန်းကို သိမ်းပိုက်ရရှိခဲ့ပြီး လက်နက်ခဲယမ်းအများအပြားကိုလည်း သိမ်းဆည်း ရမိထားတယ်လို့ ချင်းညီနောင်အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဆိုပါတယ်။
၄ လကျော်ကြာတိုက်ခိုက်ခဲ့ရတဲ့ ကျင်ဒွေးမြို့သိမ်းတိုက်ပွဲမှာ ပါဝင်ခဲ့ကြတဲ့ ထောက်ပို့ ပြည်သူတွေနဲ့ စစ်သည်တော်တွေရဲ့ တိုက်ရည်ခိုက်ရည် ရဲစွမ်းသတ္တိနဲ့ အမိန့်နာခံမှုတွေကို ချင်းညီနောင်က လေးနက်စွာ အသိအမှတ်ပြုပြီး တိုက်ပွဲမှာ ရွပ်ရွပ်ချွံချွံ တိုက်ခိုက်ရင်း အသက်နဲ့ ကိုယ်လက်အင်္ဂါ ဆုံးရှုံးသွားသူတွေကိုလည်း လေးလေးနက်နက် လေးစား အသိအမှတ်ပြုတယ်လို့ ချီးကျူးထားပါတယ်။
ကျင်ဒွေးမြို့က သိမ်းပိုက်ရရှိတဲ့ ချင်းညီနောင်အဖွဲ့မှာ ဇူမီးဖယ်ဒရယ် အစည်းအရုံး၊ ချင်းအမျိုးသားအဖွဲ့ချုပ်၊ ချင်းအမျိုးသားကောင်စီ၊ မရာမြေအုပ်ချုပ်ရေးကောင်စီ၊ ချင်းကာကွယ်ရေးတပ်ဖွဲ့ (ကန်ပက်လက်)၊ ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ (မတူပီ)တပ်မဟာ ၁ တို့ပါဝင်ကြပါတယ်။