Home
မြန်မာသတင်း
အင်္ဂဘိုအကျဉ်းစခန်း လက်ထောက်ညွှန်ကြား‌ရေးမှူး ပစ်ခတ်ခံရပြီး သေဆုံး
DVB
·
May 1, 2024
asssin 152024

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ယက္ကန်းသည်မကျေးရွာမှာ အင်္ဂဘို ရွှေဖြူရော်ဘာအကျဉ်းစခန်း လက်ထောက်ညွှန်ကြားရေးမှူး ပစ်ခတ်ခံရတာကြောင့် သေဆုံးခဲ့ပြီး ဇနီးဖြစ်သူ ကျည်ထိမှန် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကျိုက်ထို၊ အင်္ဂဘို ရွှေဖြူရော်ဘာအကျဥ်းစခန်း လက်ထောက်ညွှန်ကြားရေးမှူး ဦးစင်းအောင်ဟာ ဧပြီ ၂၉ ရက် မနက် ၁၁ နာရီကျော်က သူပိုင်တဲ့ ဘီးလင်း ယက္ကန်းသည်မရွာထိပ်ရှိ နွေမိုးဆောင်းစားသောက်ဆိုင်နဲ့ စိုက်ပျိုးရေးပစ္စည်း အရောင်းဆိုင်ထဲမှာ သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရပါတယ်။

သေနတ်နဲ့ ပစ်ခတ်ခံ‌ရမှုကြောင့် အကျဉ်းဦးစီး‌ လက်ထောက်ညွှန်ကြားရေးမှူး ဦးစင်းအောင်က နေရာမှာပဲ သေဆုံးခဲ့ပြီး ဇနီးဖြစ်သူက သေနတ်ဒဏ်ရာတွေနဲ့ ကျိုက်ထိုဆေးရုံမှာ ဆေးကုသခံနေရပါတယ်။

ဘီးလင်းမြို့ခံတဦးက “သူတို့က စားသောက်ဆိုင်နဲ့ စိုက်ပျိုးရေးပစ္စည်းဆိုင် ဖွင့်တာ တလတောင် မပြည့်သေးဘူး။ သူ့မိန်းမက ကျောင်းဆရာမ၊ သူက အကျဉ်းဦးစီးကဆိုပေမဲ့ ဘာရာထူးလဲဆိုတာ မသိဘူး။ သူတို့ဆိုင်မှာပဲ ဝင်ပစ်သွားတာ၊ သူကတော့ နေရာမှာပဲ သေသွားတာ။ ပထမတော့ သူ့မိန်းမကို လာပစ်တဲ့သူတွေ ဖမ်းသွားတယ်ပဲ ကြားနေတာ။ အခုတော့ သူ့မိန်းမက သေနတ်ဒဏ်ရာတွေနဲ့ ကျိုက်ထိုဆေးရုံမှာ ဆေးကုသမှုခံနေရတာ” လို့ ပြောပါတယ်။

စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေကတော့ ဦးစင်းအောင်ကို PDF အဖွဲ့တွေ ပစ်သတ်ခဲ့တာလို့ ပြောပေမဲ့ တော်လှန်ရေးအဖွဲ့တွေလုပ်ခဲ့တာ မဟုတ်ဘူးလို့ သထုံခရိုင် PDF တာဝန်ခံ ကိုအေးမင်းထွန်းက ပြောပါတယ်။

“သူက စစ်တပ်ထဲကို အခြားအဆင့်နဲ့ဝင်ပြီး စစ်ဗိုလ်ဖြစ်ခဲ့တဲ့သူပါ။ ပြီးမှ စစ်တပ်ထဲကနေ အကျဉ်းဦးစီးဘက်ကို ပြောင်းခဲ့တာပါ။ ကျနော် တော်လှန်ရေးဘက် ဆက်သွယ်မေးမြန်းပြီးပါပြီ။ ဘယ်တော်လှန်ရေးအဖွဲ့မှ mission လုပ်ခဲ့တာ မရှိပါဘူး။ သူက လူမှုရေးကိစ္စတွေ နည်းနည်းရှုပ်ထွေးတယ်။ လူမှုရေးကိစ္စတွေကြောင့်ပဲ သူတို့အချင်းချင်း သတ်ပြီး တော်လှန်ရေးအဖွဲ့တွေကို ပုံချလားဆိုတာ ဆက်ပြီး စုံစမ်းနေပါတယ်။”

သေ‌‌ဆုံးသွားတဲ့ လက်ထောက်ညွှန်ကြားရေးမှူး ဦးစင်းအောင်ကို မေ ၁ ရက် ဒီနေ့ နေ့လယ်ပိုင်းမှာပဲ ‌ကျိုက်ထို အင်္ဂဘို ရွှေဖြူရော်ဘာအကျဉ်းစခန်းမှာ သင်္ဂြိုဟ်သွားမယ်လို့ အကျဉ်းစခန်းနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၂၀ ရက်ကလည်း ဘီးလင်း နတ်ကြီးအုပ်ချုပ်ရေးမှူး ‌ဦးတင်ငြိမ်းကို သေနတ်သမားတွေ ပစ်ခတ်ခဲ့တာကြောင့် သေဆုံးခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024