ယူကရိန်းသမ္မတ ဇလန်းစကီးဟာ ရုရှားရဲ့ တိုက်ခိုက်မှုတွေကို ကာကွယ်ဖို့ ကိယက်ဗ်ကို လေကြောင်းရန် ကာကွယ်ရေးစနစ်တွေ ထပ်မံပေးပို့ဖို့ ဧပြီ ၂၆ ရက်မှာ တောင်းဆိုလိုက်ပြီး အမေရိကန်ရဲ့ ရန်ပုံငွေထောက်ပံ့မှု ခေတ္တခနလောက် ရပ်ဆိုင်းသွားတာဟာ မော်စကို ကို သူ့ရဲ့ ရည်မှန်းချက် အောင်မြင်စေဖို့ ကူညီလိုက်သလို ဖြစ်ခဲ့ကြောင်းလည်း ပြောကြားခဲ့ပါတယ်။
ဒီနှစ်မှာ ယူကရိန်းကို တိုက်ဖို့ ရုရှားဂျက်လေယာဉ်တွေက ပဲ့ထိန်းလေကြောင်းဗုံး အလုံး ၉၀၀၀ ကျော် အသုံးပြုထားခဲ့တာဖြစ်ပြီး ယူကရိန်းကလည်း ကိုယ့်စခန်း၊ ကိုယ့်နယ်စပ်တွေကို သူတို့ ချဉ်းကပ် မလာနိုင်အောင် လေကြောင်း တိုက်ခိုက်ရေး လေယာဉ်တွေကို ပစ်ချနိုင်မယ့် လက်နက် စွမ်းရည်တွေကို လိုအပ်နေတာပါလို့ သမ္မတ ဇလန်းစကီးက ယူကရိန်းကို အကူအညီပေးဖို့ အမေရိကန် ဦးဆောင်တဲ့ ဗီဒီယိုဆွေးနွေးပွဲရဲ့ အစပိုင်းမှာ ပြောပါတယ်။
ယူကရိန်းမြို့တွေကို ရုရှားဒုံးကျည်တွေကနေ အကာအကွယ်ပေးနိုင်ဖို့ ပိုမိုကောင်းမွန်တဲ့ စနစ်တွေနဲ့ ဒုံးကျည်တွေကို အရေးတကြီး လိုအပ်နေတာပါလို့ ဇလန်းစကီးက ပြောဆိုပါတယ်။
ယူကရိန်းစစ်သားတွေရဲ့ အားသာချက်နဲ့ စွမ်းရည်တွေကို သိထားတဲ့အပြင် သူတို့ အနိုင်ရအောင် တိုက်တတ်တာကိုလည်း အားလုံးသိထားပြီးသားဖြစ်ပေမဲ့ ယူကရိန်းကို ခုခံကာကွယ်ပေးနေသူ တွေဟာ သင်တို့ရဲ့ အချိန်မီမီ လုံလောက်တဲ့ ပံ့ပိုးမှုတွေကို လိုအပ်နေပါတယ်လို့လည်း ဇလန်းစကီး က ဆော်ဩ ပြောဆိုခဲ့ပါတယ်။
ယူကရိန်းဟာ လေကြောင်းရန်ကာကွယ်ရေးစနစ်တွေနဲ့ ကြားဖြတ် ဟန့်တားတဲ့ ကိရိယာတွေကို သေရေးရှင်ရေး လိုအပ်နေတာဖြစ်ပြီး အဲဒါကပဲ အားလုံးအတွက် ဦးစားပေးကိစ္စကြီးပါ လို့လည်း ဆိုပါတယ်။
ယူကရိန်းဟာ ကိုယ့်နိုင်ငံသားတွေကို ခုခံကာကွယ်ပေးဖို့နဲ့ ခိုးယူခံထားရတဲ့ နယ်မြေကို ပြန်လည် ရယူဖို့ အမြောက်တွေနဲ့ သံချပ်ကာတွေကို လိုအပ်နေတာ ဖြစ်ကြောင်းလည်း သူက ပြောပါတယ်။
ယူကရိန်းလွတ်လပ်ရေးအတွက် တိုက်ပွဲဝင်နေရခြင်းဟာ အားလုံးအတွက် အရေးကြီးနေတာဖြစ်ပြီး ယူကရိန်းဟာ ပူတင်ရဲ့ စစ်ဖိနပ်အောက်ကို ကျရောက်သွားမယ် ဆိုရင် ဥရောပကလည်း ပူတင်ရဲ့ အရိပ်အောက်ကို ကျရောက်သွားမှာဖြစ်တာကြောင့် နေတိုးမဟာမိတ်တွေအပေါ် အပါအဝင် နောက်ထပ် ရန်စမှုတွေကနေ ရုရှားကို ဟန့်တားဖို့ ဆုံးဖြတ်ထားကြောင်းလည်း ယူကရိန်းသမ္မတ ဇလန်းစကီးက ပြောပါတယ်။
Source/Photo - Reuters