Home
မြန်မာသတင်း
အာလူးစျေးကျသဖြင့် တောင်သူများအရှုံးပေါ်၊ ဧရာဝတီတိုင်းတွင် ကားခဈေးများ ၂ ဆတက်
DVB
·
April 27, 2024
potato 2742024

ရှမ်းပြည်နယ်တောင်ပိုင်းက ထွက်တဲ့ အာလူးဈေးတွေ အဆမတန်ကျလို့ တောင်သူတွေအရှုံးပေါ်ပြီး ဧရာဝတီတိုင်းမှာတော့ အဝေးပြေးကားခတွေ ၂ ဆတက်နေလို့ ပြည်သူတွေ အခက်တွေ့နေကြပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်း၊ နောင်တရား၊ တီကျစ်၊ အောင်ပန်းမြို့နယ်တိုက ထွက်တဲ့ အာလူးတွေဟာ အရင်က အာလူးအမျိုးအစားအလိုက် တပိဿာကို ၄၀၀၀ ကျပ်ကနေ ၅၀၀၀ ကျပ်အထိ ရခဲ့ပြီး အခုတော့ ထက်ဝက်လောက်ပဲရတော့တယ်လို့ တောင်သူတွေက ပြောပါတယ်။

ဒီနှစ်မှာ မျက်နီ S-2 –S1 အကြီးအသေးရော တပိဿာ ၂,၂၀၀ ကျပ်၊ မျက်နီ S-1 တပိဿာ ၂,၀၀၀ ကျပ်၊ မျက်နီ OK တပိဿာ ၁,၈၀၀ ကျပ်၊ မျက်နီ A1 တပိဿာ ၁,၃၀၀ ကျပ်၊ မျက်နီ A1-ဆွဲ  တပိဿာ ၁,၂၀၀ ကျပ်၊ မျက်နီ ဂေါ်လီဆိုဒ် တပိဿာ ၉၀၀ ကျပ်၊ မားကီစ် S-2 တပိဿာ ၂,၅၀၀ ကျပ် (အကြော်သီး) မားကီစ် S-1 တပိဿာ ၂,၅၀၀ ကျပ် (အကြော်သီး) ဈေးပဲရတော့တယ်လို့ သိရပါတယ်။

တောင်သူတယောက်က “စျေးကအရမ်းကျတယ်။ ၄၀၀၀ ကျော်ကနေမှ ၂၀၀၀ အထိ ကျသွားတယ်။ အရင်းတောင်ပြန်မရဘူး။ အရင်းကအရမ်းကြီးတယ်။ ဖြန်းတဲ့ဆေးဖိုးရော၊ မြေသြဇာဖိုးရော၊ လူငှားခရော စျေးအရမ်းကြီးတယ်။ အရင်းတောင်ပြန်မရဘူး။ ကြာကြာသိုလှောင်လို့လည်းမရဘူးလေ။ အဲဒါကြောင့် အရှုံးနဲ့ပဲ ရောင်းနေရတာ။ အနာနည်းနည်းပါရင်လည်း မဝယ်ကြတော့ဘူး။ လွှင့်ပစ်ရတဲ့အထိဖြစ်တယ်” လို့ ပြောပါတယ်။

ရှမ်းတောင်မှာ အာလူးကို မိုးရာသီနဲ့ နွေရာသီမှာ စိုက်ပျိုးကြပြီး ရန်ကုန်၊ မန္တလေး၊ မူဆယ်၊ မြဝတီနဲ့ ပြည်ပ ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံတို့ကို တင်ပို့တာ ဖြစ်ပါတယ်။

အာလူးပွဲစားတယောက်က “ခုက မြဝတီဘက်လည်း ပို့လို့မရဘူး။ မူဆယ်ဘက်လည်းပို့လို့မရဘူး။ လမ်းအခက်ခဲတွေကြောင့် ဝယ်သူလည်းမရှိဘူးလေ။ အဲဒါတွေကြောင့် စျေးကျရတာဖြစ်တယ်။ ကိုယ်တွေ ဝယ်လှောင်ထားတာတွေလည်းအရှုံးပေါ်ကုန်တယ်” လို့ ပြောပါတယ်။

ဧရာဝတီတိုင်းမှာတော့ ရန်ကုန်မြို့ကို ပြေးဆွဲနေတဲ့ အဝေးပြေး မော်တော်ယာဉ်စီးခ ဈေးနှုန်းတွေ အရင်ထက် ၂ ဆမြင့်တက်နေတာကြောင့် ခရီးသွားဒေသခံတွေ အခက်တွေ့နေတယ်လို့ သိရပါတယ်။

သင်္ကြန်မတိုင်မီကတည်းက ယာဉ်စီးခဈေးတက်ခဲ့တာဖြစ်ပြီး လက်ရှိအချိန်အထိ ဈေးပြန်မကျဘဲ အတက်ဈေးနဲ့သွားနေရတာလို့ ဆိုပါတယ်။

မော်လမြိုင်ကျွန်းဒေသခံတယောက်က “ကားဈေးတွေက အရင်က သင်္ကြန်အကြိုမတိုင်မီက လူတ ယောက်ကို ငွေကျပ် ၆၅၀၀၊ ဈေးတက်လည်း ၇၀၀၀ ပဲရှိခဲ့တာ။ အဝေးပြေးကားဖြစ်လို့ ကုန်ပစ္စည်း လည်းတင်လို့ရတယ်။ အများကြီးတော့မဟုတ်ပေမယ့်။ အခုတော့ လူတယောက်ကို ငွေကျပ် ၁၇၀၀၀ အထိ ဈေးတက်လာတယ်။ ရန်ကုန်ကိုအသွားအပြန် ၃၄၀၀၀ ရှိမှသွားရလို့ရတော့မယ်။ ဒါ့အပြင် ကားပေါ်ကို ကုန်ပစ္စည်းလေး တင်ချင်တော့လည်း မရဘူး၊ အတင်မခံဘူး။ တောင်းပန်ပြောတယ်။ တန်ဆာခပေးပါ့မယ် ဆိုတာတောင်မရတော့ဘူး။ လုံခြုံရေးအတွက်ကြောင့်လို့ပြောတာပဲ။ အခု ယာဉ်စီးခက သင်္ကြန်မတိုင်မီကတည်းက တက်နေတဲ့ဈေးပါ” လို့ ပြောပါတယ်။

မော်တော်ယာဉ် လုပ်ငန်းရှင်တွေကတော့ အခုလို အဝေးပြေးမော်တော်ယာဉ်တွေ ယာဉ်စီးခနှုန်း ထား မြင့်တက်တာဟာ လူစီးနည်းပြီး ဆီဈေးမြင့်လို့ ဖြစ်တယ်လို့ ပြောပါတယ်။

မအူပင်-ဘိုကေလး-ရန်ကုန် ပြေးဆွဲတဲ့ လုပ်ငန်းရှင်တယောက်က “ဒေသကနေ ရန်ကုန်မြို့ကို အရင်က ဆီဘယ်လောက်မှ မကုန် ပါဘူး။ ဆီဈေးကလည်း ဘာရှိလို့လဲ။ အဆင်ပြေတယ်ပေါ့ဗျာ။ လက်ရှိတော့ အသွားအပြန် ၄ သိန်းဖိုးလောက် ကုန်နေပါတယ်။ ဒါ့ကြောင့် ယာဉ်စီးခဈေးနှုန်းကလည်း ပြောင်းလဲလိုက်ရတာ။ အရင်က ခေတ်ကာလကောင်းတော့ ရန်ကုန်မှာမိသားစုတွေ၊ သားသမီးတွေ အလုပ်သွားလုပ်ကြလို့ လကုန်ရက်ဆို ခရီးသွားတွေက တော်တော်ကိုများတာ။ အခုကတော့ လကုန်ရက်လည်း လူစီးနင်းမှုနည်းတယ်။ လမကုန်တဲ့သာမာန်ရက်က ပိုဆိုးနေတယ်။ အချို့ ကိုယ်ပိုင်ယာဉ်အချို့ဆို ရပ်ပစ်ဖို့တောင်လုပ်လာတာတွေ့ရတယ်” လို့ ပြောပါတယ်။

ဧရာဝတီတိုင်းထဲက မအူပင်၊ ဘိုကလေး၊ မော်လမြိုင်ကျွန်း၊ ဝါးခယ်မ စတဲ့ မြို့နယ်တွေကနေ ရန်ကုန်ကိုပြေးဆွဲနေတဲ့ အဝေးပြေးယာဉ်တွေရဲ့ ယာဉ်စီးခနှုန်းထားတွေတက်နေတာဖြစ်ပြီး အဲဒီမြို့တွေကနေ ရန်ကုန်ကို ကားအစီးရေ ၆၀ ကျော်နဲ့ပြေးဆွဲနေတာလို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013