နိုင်ဂျီးရီးယားမြို့တော် အဘူဂျာရဲ့အနီးက ဆူလေဂျာမြို့မှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အကျဉ်းထောင် အဆောက်အအုံတွေ ပျက်စီးခဲ့ပြီးနောက်မှာ အနည်းဆုံး အကျဉ်းသား ၁၁၉ ဦး ထောင်မှ လွတ်မြောက်သွားခဲ့ကြောင်း ပြည်ထဲရေး၀န်ကြီး အိုလူဘွန်မိ တွန်ဂျီ အိုဂျိုက ဧပြီ ၂၅ ရက်မှာ ပြောကြားပါတယ်။
ဧပြီလ ၂၄ ရက်က နာရီနဲ့ချီ ကြာမြင့်အောင် ရွာခဲ့တဲ့ မိုးကြောင့် အကျဉ်းထောင်နံရံတွေနဲ့ အနီးပတ်ဝန်းကျင်ရှိ အဆောက်အအုံတွေ အပါအဝင် လုံခြုံရေး အလတ်စား အကျဉ်းထောင်ရဲ့ အစိတ်အပိုင်းတွေ ပျက်စီးသွားကြောင်း ပြောရေးဆိုခွင့်ရှိသူ အဒါမူ ဒူဇာ က ကြာသပတေးနေ့မှာ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
ဌာနအေးဂျင့်တွေဟာ တရားခံပြေးတွေကို လိုက်လံ ရှာဖွေနေပြီး တခြားလုံခြုံရေးအေဂျင်စီတွေရဲ့ အကူအညီနဲ့ အကျဉ်းသား ၁၀ ဦးကို ပြန်ဖမ်းမိခဲ့တာကြောင့် နောက်ထပ် ၁၀၉ ယောက်ကို ပြန်မိဖို့ လိုသေးကြောင်း ပြည်ထဲရေး၀န်ကြီးက ပြောပါတယ်။
အရင်တုန်းကတော့ ဘိုကိုဟာရမ် အစ္စလာမ္မစ် သောင်းကျန်းသူအဖွဲ့မှ အဖွဲ့ဝင်တွေကို ဆူလီဂျာ အကျဉ်းထောင်မှာ အကျဉ်းချထားခဲ့တာပါ။
ဒီအကျဉ်းထောင်ဟာ လူ ၂၅၀ ဆန့် အဆောက်အအုံ ဖြစ်ပြီး ဒီကိစ္စ မဖြစ်ပွားခင်တုန်းက လူပေါင်း ၄၉၉ ယောက်ကို ထားခဲ့ကြောင်းလည်း ပြည်ထဲရေး၀န်ကြီး တွန်ဂျီ အိုဂျို က ပြောဆိုပါတယ်။
ဒါက သိအောင်ပြောပြတာဖြစ်ပြီး လူတွေကလည်း တကယ်ပြည့်ကျပ်ပြီးတော့ နံရံတွေက အမှန်တကယ် ဟောင်းနေပြီ ဖြစ်တာကြောင့် ဒါတွေဟာ မဖြစ်မနေ တာဝန်ယူရမယ့်ကိစ္စတွေ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
အကျဉ်းထောင်တွေမှာ လူများပြားလွန်းခြင်း၊ ငွေကြေး မလုံလောက်ခြင်းနဲ့ လုံခြုံရေးအစီအမံ ပေါ့လျော့ခြင်းတွေဟာ ထောင်ကနေ လွတ်မြောက်သွားစေမယ့် အခြေအနေတွေကို ပံ့ပိုး ပေးနေတာဖြစ်ပြီး နိုင်ဂျီးရီးယားမှာ အကျဉ်းထောင်ဖောက်ထွင်းမှုတွေဟာ လုံခြုံရေးအတွက် အဓိက စိုးရိမ်စရာကိစ္စ ဖြစ်လာပါတယ်။
နိုင်ဂျီးရီးယားမှာ အခြေခံအဆောက်အအုံ အားနည်းမှုနဲ့ စစ်သွေးကြွတွေရဲ့ တိုက်ခိုက်မှုတွေကြောင့် မကြာသေးခင် နှစ်တွေအတွင်းမှာ ထောင်နဲ့ချီတဲ့ အကျဉ်းသားတွေ လွတ်မြောက်ခဲ့ဖူးပါတယ်။
အထူးသဖြင့် ၂၀၂၂ ခုနှစ် ဇူလိုင်လက အစ္စလာမ္မစ်နိုင်ငံတော် စစ်သွေးကြွအဖွဲ့ရဲ့ တိုက်ခိုက်မှုကြောင့် မြို့တော် အဘူဂျာရှိ လုံခြုံရေးမြင့်မားတဲ့ အကျဉ်းထောင်ကနေ အကျဉ်းသား ၄၄၀ လောက် လွတ်မြောက်ခဲ့ပါတယ်။
Source/Photo - Reuters