မဟာမိတ် အစ္စရေးရဲ့ ဂါဇာစစ်ပွဲအပေါ် အမေရိကန်တက္ကသိုလ်ကြီးတွေမှာ ကန့်ကွက်ဆန္ဒပြ နေကြတာဟာ ဒီမိုကရေစီရဲ့ စရိုက်လက္ခဏာသာဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က မှတ်ချက်ပေးခဲ့ပါတယ်။
ဒါပေမဲ့ ပါလက်စတိုင်းစစ်သွေးကြွအဖွဲ့ ဟားမတ်စ် နဲ့ပတ်သက်ပြီးတော့ကျ “ နှုတ်ဆိတ်” နေကြတယ်လို့လည်း ဝန်ကြီးက ဝေဖန်ခဲ့ပါတယ်။
စစ်ပွဲနဲ့ အမေရိကန်အစိုးရရဲ့ အစ္စရေးဘက်က မျက်စိစုံမှိတ်ရပ်တည်ချက်အပေါ် ကန့်ကွက်နေကြတဲ့ ကျောင်းသားတွေဟာ တက္ကသိုလ်ကြီးတွေမှာ တဲထိုးစခန်းချပြီး ဆန္ဒပြနေကြပါတယ်။
ဒီဖြစ်စဉ်ကြောင့် အမေရိကတလွှားက ကျောင်းတွေမှာ အဖမ်းခံရသူ ၅၅၀ ကျော်ရှိသွားပြီလို့ ရိုက်တာက တွက်ချက်ဖော်ပြပါတယ်။
တရုတ်နဲ့ပတ်သက်ပြီး ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကျောင်းသားတွေရဲ့ဆန္ဒပြမှုတွေ နဲ့ပတ်သက်ပြီး ဘယ်လိုမြင်လဲလို့ ဘလင်ကန်ကို မေးခွန်းထုတ်ခဲ့ကြတာဖြစ်ပါတယ်။
ပဋိပက္ခကြောင့် “အားကောင်း ပြင်းထန်တဲ့ ခံစားချက်” တွေ ပေါက်ဖွားလာတာကို နားလည်ကြောင်း၊ စစ်ပွဲကိုရပ်နိုင်ဖို့ အမေရိကန်အစိုးရက လုပ်နိုင်သမျှ လုပ်နေကြောင်း ဘလင်ကန်က ဖြေကြားပါတယ်။
ဝေဖန်သူတွေဟာ အောက်တိုဘာ ၇ ရက်က ဟားမတ်စ်အဖွဲ့ရဲ့ အစ္စရေးအပေါ် အကြမ်းဖက် တိုက်ခိုက်မှု လူ ၁၂၀၀ သေဆုံးမှု၊ လူ ၂၅၀ ကျော်ဓားစာခံအဖြစ် ဖမ်းခေါ်ခံရမှု တွေကိုလည်း အာရုံစိုက်သင့်တယ်လို့ ဘလင်ကန်က တုံ့ပြန်ပါတယ်။
အစ္စရေးရဲ့ စစ်ရေးတုန့်ပြန်မှု ကြောင့် သေဆုံးသူ ပါလက်စတိုင်းသား ၃၄,၀၀၀ ကျော်ရှိလာပြီဖြစ်ပြီး ၇၇,၀၀၀ ကျော် ဒဏ်ရာရတယ်လို့ ဂါဇာကျန်းမာရေးဌာနက ထုတ်ပြန်ထားပါတယ်။
Source/Photo - Reuters