Home
မြန်မာသတင်း
သံတွဲတွင် တိုက်ပွဲပြင်းထန်၊ ဒေသခံ ၄,၀၀၀ ကျော် ထွက်ပြေး
DVB
·
April 26, 2024
ThanTwe_26042024

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်အတွင်းမှာ ရက္ခိုင့်တပ်တော် (AA) နဲ့ စစ်ကောင်စီတို့ကြား ဧပြီ ၂၆ ရက် မနက်က တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက်က ရေတပ်က လက်နက်ကြီးပစ်ကူတွေနဲ့ ပြင်းပြင်းထန်ထန် ခုခံနေတယ်လို့ သံတွဲဒေသခံတွေက ပြောပါတယ်။

ရွှေလှေတံတားအနီးမှာ တိုက်ပွဲစတင်ဖြစ်ပွားပြီး ပုလဲကျွန်း၊ မောင်ရွှေလေး၊ သဗြုချိုင်နဲ့ ဂေါ့ကမ်းခြေအနီးမှာရှိတဲ့ ရေတပ်က လက်နက်ကြီးတွေနဲ့ ပစ်ကူပေးနေတယ်လို့ သံတွဲမြို့ခံတဦးက ပြောပါတယ်။

“တိုက်ပွဲကတော့ တော်တော်ကို ပြင်းထန်တယ်။ နှစ်ဖက် လက်နက်ကြီး လက်နက်ငယ်သံတွေ အဆက်မပြတ် ကြားနေရတယ်။ စစ်ကောင်စီနေဗီတွေကလည်း လက်နက်ကြီး ပစ်ကူပေးနေတာတွေရှိတယ်။”

လက်ရှိမှာ တိုက်ပွဲဖြစ်ပွားနေတာကြောင့် သံတွဲမြို့နယ်က ရွှေလှေ၊ ဆူးပုတ်ကုန်း၊ ဘုရားမော်၊ ရေကောက်၊ ပုရစ်၊ ဒေါ်မြနဲ့ ကျောင်းကုန်း ကျေးရွာတွေက ဒေသခံ ၄,၀၀၀ ကျော်ဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

ဧပြီ ၂၅ ရက်ကလည်း သံတွဲမြို့နယ်ရှိ ရွှေလှေကျေးရွာအနီးအနားတွေကို စစ်ရေယာဉ်နဲ့ ရဟတ်ယာဥ်တွေကနေ လာရောက်တိုက်ခိုက်ခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သံတွဲမြို့နယ်အတွင်းမှာ တိုက်ပွဲတွေ ပြင်းထန်လာနေကြပြီး မြို့ပေါ်အထိ ရောက်လာမှာကို စိုးရိမ်မှုတွေ မြင့်တက်နေကြတယ်လို့ သံတွဲမြို့ခံတဦးက ပြောပါတယ်။

“သံတွဲမြို့နယ်အတွင်း ဧပြီလအတွင်းမှာ တိုက်ပွဲဖြစ်ပွားတာ ၃ ကြိမ်အထိရှိလာပြီး တဖြည်းဖြည်းနဲ့ မြို့ဘက်ကိုကပ်လာတာ တွေ့ရတယ်။ ဒီရက်ပိုင်းမှာဆိုရင် ပိုပြီးတော့ ပေါက်ကွဲသံတွေ ကြားရတာကြောင့် မြို့ပေါ်တိုက်ပွဲတွေအထိ ဖြစ်လာမှာကိုတော့ စိုးရိမ်မှုတွေ ရှိကြတယ်။”

လက်ရှိ တိုက်ပွဲဖြစ်ပွားနေတဲ့နေရာမှာ သံတွဲမြို့နယ် မိုင် ၂၀ ခန့်သာ ကွာဝေးပြီး သူဌေးချောင်း ရေအားလျှပ်စစ်စီမံကိန်းနဲ့ ၁၀ မိုင်သာ ကွာဝေးတာကြောင့် စီမံကိန်းက ဝန်ထမ်းတွေလည်း လုပ်ငန်းပိတ်သိမ်းလိုက်ကြပြီလို့ ဒေသခံတွေက ပြောပါတယ်။

သံတွဲမြို့နယ်အတွင်းမှာ အရင်က တိုက်ပွဲဖြစ်ပွားတာတွေမရှိဘဲ စစ်ကောင်စီ ထိန်းချုပ်ထားရာကနေ ရက္ခိုင့်တပ်တော် (AA) ရဲ့ ထိုးစစ်ဆင်မှုနဲ့ ရင်ဆိုင်လာရတာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်တို့မှာ AA က မြို့နယ် ၉ ခုအထိ သိမ်းပိုက်ရရှိထားပြီး မြို့နယ် ၅ ခုထက်မနည်းမှာ စစ်ရေးပြင်းထန်နေဆဲ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013