အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေးကောင်း ရှိချင်တယ်ဆိုရင် ယူကရိန်းစစ်ပွဲမှာ တရုတ်က ရုရှားကို ထောက်ခံအားပေး ကူညီနေတာကို ရပ်တန့်ရမယ်လို့ နေတိုးအတွင်းရေးမှူးချုပ် ယန်းစ် စတော့တန်ဘာ့ဂ်က သူ့ရဲ့ ဘာလင်မြို့ခရီးစဉ်အတွင်း ဧပြီ ၂၅ ရက်မှာ ပြောကြားလိုက်ပါတယ်။
နှစ်ဖက်လုံးကနေ အမြတ်ထုတ်လို့ မရနိုင်ဘူးလို့လည်း ကြမ်းကြမ်းတမ်းတမ်း အသုံးအနှုန်းနဲ့ ပေကျင်းကို သတိပေးလိုက်ပါတယ်။
ယန်းစ် စတော့တန်ဘာ့ဂ်က “တရုတ်က အနောက်နိုင်ငံတွေနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးကို လိုချင်တယ်လို့ ပြောပါတယ်။ တချိန်တည်းမှာပဲ ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဥရောပမှာ အကြီးမားဆုံး လက်နက်ကိုင်ပဋိပက္ခကို ပေကျင်းက ဆက်ပြီး မီးထိုးပေးနေပါတယ်။ နှစ်ဖက်ချွန်လုပ်လို့တော့ မရနိုင်ပါဘူး” လို့ သတိပေး ပြောကြားခဲ့တာပါ။
အနောက်နိုင်ငံတွေက မဟာမိတ်တွေ ရုရှားကို မှီခိုနေရသလို တရုတ်အပေါ် မှီခိုမနေကြဖို့လည်း နေတိုးအတွင်းရေးမှူးချုပ် စေတာ့တန်ဘာ့ဂ်က သတိပေးခဲ့ပါတယ်။
တရုတ်ဟာ ဆီမီးကွန်ဒတ်တာတွေလို အဆင့်မြင့်နည်းပညာတွေကို မျှဝေခြင်းအားဖြင့် ရုရှားရဲ့ စစ်ရေးစီးပွားကို မြှင့်တင်ပေးနေတာကြောင့် ပေကျင်းရဲ့ အကူအညီဟာ မော်စကိုရဲ့ စစ်ပွဲအတွက် အရေးကြီးတယ်လို့လည်း အနောက်နိုင်ငံတွေရဲ့ စစ်ရေးမဟာမိတ်အဖွဲ့ အကြီးအကဲက ပြောကြားခဲ့တာပါ။
ဒါပေမဲ့လည်း ယူကရိန်းနိုင်ငံဟာ အမေရိကန်ဆီက စစ်ရေးအကူအညီသစ် ဒေါ်လာ ၆၀ ဘီလီယံကျော် အပါအဝင် အနောက်နိုင်ငံတွေရဲ့ ပံ့ပိုးကူညီမှု ပိုမိုရရှိလာတာကြောင့် ယူကရိန်း အောင်မြင်ဖို့ အချိန်မနှောင်းသေးကြောင်းလည်း သူကပြောပါတယ်။
အခုသီတင်းပတ် အစောပိုင်းမှာလည်း ဗြိတိန်က ယူကရိန်းကို ပံ့ပိုးကူညီမယ်လို့ ကတိပြုခဲ့ပါတယ်။
Source/Photo-Reuters