Home
မြန်မာသတင်း
မိုးမောက် ဘာသာရေးအဆောက်အုံများ၌ စစ်တပ်ကတပ်စွဲ၊ တိုက်ပွဲကြောင့် မြို့လုံးကျွတ်နီးပါး ထွက်ပြေးနေရ
DVB
·
April 26, 2024
MOEMAUGH_26042024
Moe Mauk Tsp

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့ပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လာပြီး တပ်စွဲထားတဲ့အတွက် မြို့ခံတွေ ထိတ်လန့်ကြောက်ရွံ့ပြီး အားလုံးထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ဧပြီ ၂၄ ရက်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မိုးမောက်မြို့ထဲဝင်လာပြီး ခရစ်ယာန် ဘုရားရှိခိုးကျောင်း၊ တရုတ်ဘုံကျောင်း၊ စာသင်ကျောင်းနဲ့ အရပ်သားနေအိမ်တွေမှာ စခန်းချကြတယ်။ သူတို့ရှိရင် တိုက်ပွဲဖြစ်မှာစိုးတဲ့အတွက် အိမ်စောင့်လောက်ပဲထားပြီး တမြို့လုံးနီးပါး ထွက်ပြေးနေကြတယ်” လို့ မိုးမောက်မြို့နယ် နောင်ပေါင်းရွာသားတဦးက DVB ကို ပြောပါတယ်။

ဧပြီ ၂၂ ရက်နဲ့ ၂၃ ရက်နေ့တွေက ကျောက်စခန်း၊ နောင်ပေါင်း၊ ခါနန် စတဲ့ကျေးရွာတွေထဲ လက်နက်ကြီးကျတာကြောင့် အဲဒီနေ့ကတည်းကစပြီး ဘေးကင်းရာကို ထွက်ပြေးခဲ့ကြတာဖြစ်ပြီး မိုးမောက်မြို့ထဲက မန္တလေးကျောင်းတိုက်မှာ ရှောင်တိမ်းနေတုန်း ၂၄ ရက်မှာ လက်နက်ကြီးကျလာတာကြောင့် ထပ်မံထွက်ပြေးရတယ်လို့ ဆိုပါတယ်။

“ထွက်ပြေးကြတာကတော့ ၂၂ ရက်နေ့ကတည်းကပါပဲ။ ၂၄ ရက်နေ့ ကျနော်တို့ တိမ်း‌ရှောင်နေတဲ့ မန္တလေးကျောင်းတိုက်နားမှာ လက်နက်ကြီးကျလာတော့ ဗန်းမော်မြို့ထိ ထပ်ပြီးပြေးရတယ်၊ ဒီကျောင်းတိုက်မှာ စစ်ဘေး‌ရှောင် ၁၀၀ ကျော်ရှိတယ်။”

မိုးမောက်မြို့နယ်ထဲက စစ်ကောင်စီနဲ့ KIA တပ်ဖွဲ့ဝင်တွေကြား တိုက်ပွဲကြောင့် ကျောက်စခန်း၊ နောင်ပေါင်း၊ လုံဂျာ၊ ခါနန် စတဲ့ရွာတွေက ရွာသားတွေ ထွက်ပြေး တိမ်းရှောင်နေရတဲ့အပြင် ဧပြီ ၂၄ ရက်မှာ မြို့ပေါ်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရောက်လာလို့  အိမ်စောင့်သာချန်ရစ်ပြီး တမြို့လုံးနီးပါး ထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မိုးမောက်မြို့ကို ကချင်လွတ်လပ်ရေးတပ် (KIA) ဝင်သိမ်းမှာစိုးလို့ မြို့ထဲမှာ တပ်စွဲထားတာဖြစ်ပြီး KIA က လာတိုက်ရင် မိုးမောက်မြို့ကို လေယာဉ်နဲ့ဗုံးကြဲပြီး မီးရှို့ပစ်မယ်လို့ ခြိမ်းခြောက်ထားကြောင်း ဒေသခံက ပြောပါတယ်။

ဧပြီ ၂၂ ရက် မနက် ၇ နာရီလောက်က မိုးမောက်မြို့နယ် ကျောက်စခန်း၊ နောင်ပေါင်းနဲ့ ကျီးနန်းရွာထဲ လက်နက်ကြီးကျတာကြောင့် ဒေသခံ ၃ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့တယ်၊ နေအိမ် ၆ လုံး လက်နက်ကျည်ထိပြီး အဲဒီထဲမှာ ၂ လုံးက လုံးဝနေလို့မရအောင် ပျက်စီးသွားတယ်လို့ ဆိုပါတယ်။

ဧပြီ ၂၄ ရက်မှာ စစ်တပ်က လေယာဉ်နဲ့ လာပစ်တာကြောင့် ခါနန်ရွာက နေအိမ် ၂ လုံး ပျက်စီးပြီး လုံဂျာရွာက ရွာသားတယောက် လက်နက်ကျည်ထိမှန် သေဆုံးခဲ့တယ်လို့ ဒေသခံက ပြောသွားပါတယ်။

KIA နဲ့ တော်လှန်ရေးအဖွဲ့တွေဟာ မိုးမောက်နဲ့ လွယ်ဂျယ်မြို့ကြားက စစ်ကောင်စီ တပ်စခန်းတွေကို သိမ်းပိုက်ထားပြီး လတ်တလော မိုးမောက်မြို့အနီးတဝိုက်မှာ တိုက်ပွဲတွေ ဖြစ်နေပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013