Home
နိုင်ငံတကာ
အမေရိကန်တက္ကသိုလ်ကြီးများတွင် ဂါဇာစစ်ပွဲဆန့်ကျင်ရေး စခန်းချဆန္ဒပြမှုများ နှိမ်နင်းခံရ
DVB
·
April 26, 2024
USProtest_26042024

နာမည်ကျော် ကိုလံဘီယာတက္ကသိုလ်က စတင်ခဲ့တဲ့ ဂါဇာစစ်ပွဲဆန့်ကျင်ရေး စခန်းချ တဲထိုးဆန္ဒပြုမှုတွေ အမေရိကန်နိုင်ငံတဝန်းက တက္ကသိုလ်ကြီးတွေမှာ ပျံ့နှံ့လာခဲ့ပြီးနောက် အမြစ်မတွယ်မီ အာဏာပိုင်တွေက အလျင်အမြန် ရှင်းလင်းနေတယ်လို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။

ကျောင်းဝင်းတွင်း နောက်ဆုံးပဋိပက္ခကတော့ နယူးဂျာဆီက နာမည်ကျော် ပရင်စတန်တက္ကသိုလ်မှာ ဧပြီ ၂၅ ရက်က ဖြစ်ပွားခဲ့ပါတယ်။

ကျောင်းသားတွေက တဲထိုးစခန်းချဖို့ စလုပ်နေတုန်းမှာပဲ ရဲက ချက်ချင်း ဝင်ရှင်းလင်းခဲ့တာ ဖြစ်ပါတယ်။

“မင်းတို့အားလုံး တက္ကသိုလ်မူဝါဒကို ချိုးဖောက်နေတာဖြစ်တယ်။ ဒီတဲတွေအကုန်လုံး အခုဖြိုချပါ” လို့ ရဲအရာရှိတယောက်က အော်ဟစ် သတိပေးနေချိန်မှာ “ဖရီး၊ ဖရီး ပါလက်စတိုင်း” လို့ ဆန္ဒပြကျောင်းသားတွေက ကြွေးကြော်နေတဲ့ ဗီဒီယိုဖိုင်တခု လူမှုကွန်ရက် X မှာ တက်လာပါတယ်။

ပရင်စတန်မှာ ချက်ချင်း ရဲနဲ့ဝင်ရှင်းပြီး မကြာမီမှာပဲ အီမာဆင်ကောလိပ်က ကျောင်းသားတွေ ဆောက်ထားတဲ့ တဲတွေကို ဘော်စတွန်ရဲတပ်ဖွဲ့က ဝင်ရှင်းပြီး ကျောင်းသား ၁၀၀ ကျော်ကို ဖမ်းဆီးလိုက်ပါတယ်။

ညသန်းခေါင်ကျော်ပြီး ဧပြီ ၂၅ ရက် ကူးကာစ မနက် ၁ နာရီဝန်းကျင်မှာ ဘော်စတွန်မြို့လယ်ကောင်မှာရှိတဲ့ အီမာဆင်ကောလိပ်ထဲကို ရဲက ဝင်ရှင်းခဲ့တာဖြစ်ပါတယ်။

ရှီကာဂိုက နော့ဝက်စတန်တက္ကသိုလ်မှာ၊ ဝါရှင်တန်က ဂျော့ချ်ဝါရှင်တန် တက္ကသိုလ်တို့မှာလည်း တဲထိုးဆန္ဒပြမှုတွေ ဖြစ်ပွားနေပါတယ်။

ကိုလံဘီယာတက္ကသိုလ်မှာတော့ ဧပြီ ၂၆ ရက် မနက် ၄ နာရီ နောက်ဆုံးထားပြီး တဲတွေဖယ်ဖို့ ရဲက သတိပေးထားပါတယ်။

ကိုလံဘီယာတက္ကသိုလ်မှာ ဧပြီ ၁၈ ရက်က တကြိမ် ရဲတပ်ဖွဲ့နဲ့ အင်အားသုံး ဖယ်ရှားခဲ့ပြီး ကျောင်းသား ၁၀၀ ကျော် ဖမ်းဆီးခံခဲ့ရပါတယ်။

ဒါပေမဲ့ တဲတွေပြန်ထိုးပြီး နောက်တကြိမ် ထပ်လှုပ်ရှားနေတာ ဖြစ်ပါတယ်။

Source/Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013