စပါးအသင်းနဲ့ ကန်မယ့်ပွဲစဉ်မှာ လီဗာပူးပရိသတ်ဖြစ်တဲ့ VAR ဒိုင်ကို တာဝန်ပေးခဲ့တဲ့အပေါ် အာဆင်နယ်ပရိသတ်တွေက မကျေမနပ်ဖြစ်နေကြပါတယ်။
အာဆင်နယ်ဟာ အခုနှစ်ဘောလုံးရာသီရဲ့ အဆုံးအဖြတ်ပွဲစဉ်အဖြစ် တနင်္ဂနွေနေ့မှာ ဒါဘီပြိုင်ဘက်စပါးအသင်းကွင်းမှာ သွားရောက်ရင်ဆိုင်ရမှာပါ။
ဒီပွဲစဉ်ကို ကွင်းလယ်ဒိုင် မိုက်ကယ်အိုလီဗာက စည်းကြပ်ဒိုင်တွေဖြစ်တဲ့ စတူးအပ်၊ ကွတ်ခ်၊ စတုတ္ထဒိုင် အန်ဒီတို့နဲ့အတူ တာဝန်ယူသွားမှာဖြစ်ပြီး VAR ဒိုင်အဖြစ် ဂျရတ်ဂျဲလတ် က တာဝန်ယူသွားမှာပါ။
ဂျရတ်ဂျဲလတ်ဟာ လီဗာပူးအသင်းပရိသတ်ဖြစ်တာကြောင့် ချန်ပီယံပြေးလမ်းမှာ အပြိုင်ဖြစ်နေတဲ့ အာဆင်နယ်အတွက် မျှတမှု မရှိဖြစ်နေမှာကို ပရိသတ် တွေကစိုးရိမ်ခဲ့ ကြတာပါ။
ပရိသတ်တဦးကတော့ ကွင်းလယ်ဒိုင်ကလည်း မန်စီးတီးကို လက်ဆောင်တွေ ပေးတတ်သူ ဖြစ်သလို VAR ဒိုင်ကလည်း လီဗာပူးပရိသတ်ဖြစ်နေကြောင်း လှောင်ပြောင်ပါတယ်။
ဒိုင်လူကြီးအဖွဲ့အနေနဲ့ အဲဗာတန်နဲ့ နော်တင်ဟမ်ပွဲစဉ်က ဖြစ်ရပ်အပေါ် သင်ခန်းစာယူသင့်ကြောင်း အာဆင်နယ်ပရိသတ်တဦးက ရေးသားပါတယ်။
အဲဗာတန်နဲ့ နော်တင်ဟမ်ပွဲစဉ်မှာ VAR ဒိုင်ဖြစ်သူက လူတန်ပရိသတ်ဖြစ်တာကြောင့် တန်းဆင်းဇုန်မှာ အမှတ်မကွာတဲ့ နော်တင်ဟမ်ကို ရှုံးနိမ့်စေဖို့အတွက် နော်တင်ဟမ်ဘက်က ပင်နယ်တီရရှိနိုင်မယ့် ဖြစ်ရပ်တွေအပေါ် လစ်လျူရှုခဲ့ကြောင်း ဒိုင်လူကြီး အဖွဲ့ထံ တိုင်ကြားပါတယ်။
Photo-Reuters