Home
နိုင်ငံတကာ
အမေရိကန်က ယူကရိန်းကို တာဝေးပစ်ဒုံးကျည်များ လျှို့ဝှက်ပေးပို့ခဲ့
DVB
·
April 25, 2024
FILE PHOTO: Handout of United States and South Korean troops utilizing the Army Tactical Missile System (ATACMS) and South Korea's Hyunmoo Missile II, fire missiles into the waters of the East Sea, off South Korea

အမေရိကန်ပြည်ထောင်စုဟာ မကြာသေးခင် ရက်သတ္တပတ်တွေမှာ ရုရှား ကျူးကျော်သူတွေကို တိုက်ထုတ်တဲ့ စစ်ပွဲမှာ အသုံးပြုဖို့ ယူကရိန်းကို တာဝေးပစ်ဒုံးကျည်တွေ လျှို့ဝှက်တင်ပို့ခဲ့ပြီး ယူကရိန်းက အခုအသုံးပြုနေတာ ၂ ကြိမ် ရှိသွားပြီလို့ အမေရိကန်အရာရှိတဦးက ဧပြီ ၂၄ ရက်မှာ ပြောကြားခဲ့ပါတယ်။

မတ် ၁၂ ရက်က အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က အတည်ပြုခဲ့တဲ့ ယူကရိန်းနိုင်ငံအတွက် ဒေါ်လာသန်း ၃၀၀ ထောက်ပံ့တဲ့ စစ်ရေးအကူအညီထဲမှာ ဒုံးကျည်တွေပါရှိကြောင်း အမည်မဖော်လိုတဲ့ အမေရိကန်အရာရှိက ပြောပါတယ်။

ဒုံးကျည်တွေ ဘယ်လောက်ပေးပို့ခဲ့တယ် ဆိုတာကိုတော့ တာဝန်ရှိသူက ပြောကြားခြင်း မရှိပါဘူး။

သမ္မတဘိုင်ဒင်ဟာ ဖေဖော်ဝါရီလတုန်းက သူ့အစိုးရအဖွဲ့ကို ယူကရိန်းရဲ့ အချုပ်အခြာ ပိုင်နက်အတွင်း အသုံးပြုဖို့အတွက် ATACMS ဒုံးကျည်အများအပြားကို ယူကရိန်းနိုင်ငံကို ထောက်ပံ့ပေးဖို့ ညွှန်ကြားခဲ့ကြောင်း အိမ်ဖြူတော် အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ခ်ဆူလီဗန်က သတင်းထောက်တွေအတွက် ရှင်းလင်းပွဲတခုမှာ ပြောကြားခဲ့ပါတယ်။

ဒုံးကျည်ပို့ဆောင်မှုဟာ မတ် ၁၂ ရက်မှာ သမ္မတက ခွင့်ပြုခဲ့တဲ့ PDA ရဲ့ အစိတ်အပိုင်းတခု အဖြစ် မတ်လမှာ စတင်ထွက်ခွာခဲ့တာဖြစ်ပြီး အဲဒီဒုံးကျည်တွေက ယူကရိန်းကို ရောက်သွားပြီဖြစ်ကြောင်း ဆူလီဗန်က ပြောပါတယ်။

ယူကရိန်းကို သိသာထင်ရှားတဲ့ ဒုံးကျည်အရေအတွက် ပေးပို့ခဲ့ပြီးဖြစ်ကြောင်းနဲ့ သူတို့မှာ အခွင့်အာဏာရော၊ ငွေကြေးပါ ရှိထားပြီးသားဖြစ်လို့ အခုထပ်ပြီး ပို့ပေးသွားဦးမှာ ဖြစ်ကြောင်းလည်း သူကဆိုပါတယ်။

ယူကရိန်းဟာ လက်နက်တွေကို ယူကရိန်းနိုင်ငံအတွင်းမှာသာ အသုံးပြုဖို့ဖြစ်ပြီး ရုရှားနိုင်ငံထဲမှာ အသုံးမပြုဖို့ ကတိရှိထားပါတယ်။ 

တချို့ဒုံးကျည်တွေကို သမ္မတ ဂျိုးဘိုင်ဒင်က ဗုဒ္ဓဟူးနေ့မှာ အတည်ပြုခဲ့တဲ့ ဒေါ်လာ ၁ ဘီလီယံတန် လက်နက်ပက်ကေ့ချ်မှာ ထည့်သွင်းထားကြောင်းလည်း ဆူလီဗန်က ဆိုပါတယ်။

အဲဒီဒုံးကျည်တွေကို ဧပြီ ၁၇ ရက် အစောပိုင်းက ပထမဆုံးအကြိမ် အသုံးပြုခဲ့ပြီး ယူကရိန်း ရှေ့တန်းမှ ၁၆၅ ကီလိုမီတာ ကွာဝေးတဲ့ ခရိုင်းမီးယားရှိ ရုရှားလေယာဉ်ကွင်းကို ပစ်လွှတ်ခဲ့ကြောင်း အရာရှိက ပြောပါတယ်။

Source/Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013