ရုရှားအတိုက်အခံခေါင်းဆောင် ကွယ်လွန်သူ အလက်ဇီ နာဗယ်လ်ညီရဲ့ သင်္ချိုင်းဂူမှာ ပြီးခဲ့တဲ့လက အောက်မေ့ဖွယ်အခမ်းအနားကို ဦးဆောင်ခဲ့တဲ့ ရုရှား သြဿဒေါက် ဘုန်းတော်ကြီး ဒီမစ်ထရီ ဆက်ဖ်ရိုနော့ဗ်ကို ဘုရားကျောင်းတာဝန်တွေကနေ ရပ်ဆိုင်းလိုက်ပြီး ၃ နှစ်တာ အပြစ်ကို သုံးသပ်ဆင်ခြင်ဖို့ အမိန့်ထုတ်လိုက်ပါတယ်။
ဘုန်းတော်ကြီး ဒီမစ်ထရီ ဆက်ဖ်ရိုနော့ဗ်ဟာ မော်စကိုရှိ နာဗယ်လ်ညီရဲ့ အုတ်ဂူမှာ အကြိမ်ပေါင်းများစွာ ဆုတောင်းပေးခဲ့ပြီး အာတိတ်အကျဉ်းထောင်မှာ နာဗယ်လ်ညီ သေဆုံးပြီးနောက် ရက်ပေါင်း ၄၀ ပြည့် အထိမ်းအမှတ်အဖြစ် မတ် ၂၆ ရက်မှာ ဝတ်ပြုဆုတောင်းခဲ့တာပါ။
မတ် ၉ ရက်ကလည်း ပန်းတွေစုပုံထားတဲ့ သင်္ချိုင်းမှာ ဘုန်းတော်ကြီး ဆက်ဖ်ရိုနော့ဗ်က ရုရှားနိုင်ငံသားတွေကို အရှုံးမပေးကြဖို့ နာဗယ်လ်ညီက တိုက်တွန်းခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
ဘုန်းတော်ကြီး ဆက်ဖ်ရိုနော့ဗ်ကို ရာထူးဆိုင်းငံ့လိုက်ကြောင်း ရုရှား သြဿဒေါက် ဘုရားကျောင်းရဲ့ မော်စကို ဒိုင်အိုးစီးစ် ဂိုဏ်းချုပ်က ကြေညာခဲ့တာဖြစ်ပြီး သူ့ကို ဆာလံကျမ်း ဖတ်ကြားသူအဆင့်ကို ရာထူးနှိမ့်ချလိုက်ကြောင်း ပြောပါတယ်။ ဘာပြစ်ဒဏ်ကြောင့်ဆိုတဲ့ အကြောင်းပြချက်ကိုတော့ မဖော်ပြထားပါဘူး။
အပြစ်သုံးသပ်ခြင်းကာလ ပြီးဆုံးချိန်ရောက်ရင် နာခံရာအရပ်မှ တုံ့ပြန်ချက်အပေါ် အခြေခံပြီး သူ့ရဲ့ နောက်ထပ် ဘုန်းတော်ကြီးတာဝန်တွေကို ဆက်လက်ထမ်းဆောင်နိုင်ခြင်း ရှိ မရှိကို ဆုံးဖြတ်ချက်ချသွားမှာဖြစ်ကြောင်း ဂိုဏ်းချုပ်ဘုန်းတော်ကြီးက မိန့်ကြားပါတယ်။
Source/Photo-Reuters