Home
မြန်မာသတင်း
ထိုင်းရောက် ရှမ်းရွှေ့ပြောင်းလုပ်သား ၁ ဦးအား လူ ၃ ဦးက သတ်ပြီး အလောင်းကိုတောထဲစွန့်ပစ် 
DVB
·
April 25, 2024
567000003597601

ထိုင်းမြောက်ပိုင်း လမ်းဖွန်းခရိုင်ထဲမှာ ရှမ်းရွှေ့ပြောင်းလုပ်သား ၁ ဦးကို အမည်မသိ လူ ၃ ဦးက တိုက်ခန်းထိ လာရောက်ရိုက်နှက်ဆွဲခေါ်သွားပြီး အလောင်းကို တောထဲသွားပစ်ထားတယ်လို့ မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ 

အသက် ၃၀ နှစ်ရွယ် စိုင်းစွမ်ဝမ်း ရှမ်းအလုပ်သမား ၁ ဦးဟာ ပြီးခဲ့တဲ့ ဧပြီ  ၂၁ ရက်က လမ်းဖွန်းမြို့  ဦးမုန်းအုပ်စု ချိုင်းဆထန်ရပ်ကွက်ရှိ အငှါးတိုက်ခန်းတခန်းမှာ ရှိနေစဉ် ည ၁၁  နာရီလောက်မှာ လူ ၃ ဦး ဟိုင်းလပ်စ်ကားတစီးနဲ့ ရောက်ချလာပြီး  အခန်းတံခါးဖွင့်ဖို့ အော်ပြောခဲ့တယ်၊  အထဲက ဖွင့်မပေးတဲ့ခါမှာ ပါလာတဲ့တုတ်နဲ့  တံခါးရိုက်ချိုးပြီး  ဝင်သွားတယ်၊  ပြီးတော့ စိုင်းစွမ်ဝမ်းကို ဝိုင်းရိုက်ရာမှာ စိုင်းစွမ်ဝမ်းက နာကျင်စွာအော်ဟစ်နေပေမဲ့ အခန်းဘေးက လူတွေက အန္တရာယ်ဖြစ်မှာစိုးလို့ ဘယ်သူမှာ ဝင်မတားရဲဘူးလို့ မျက်မြင်အမျိုးသမီးတဦးက တာဝန်ကျရဲတပ်ဖွဲ့ဝင်ကို ဖြေကြားပါတယ်။ 

ခဏအကြာ အဲဒီလူတွေက စိုင်းစွမ်ဝမ်းကို တရွတ်တိုက်ဆွဲခေါ်လာပြီး ကားပေါ်ခေါ်တင် သွားတယ်၊ ဆွဲခေါ်ရာလမ်းမှာ သွေးချောင်းစီးရာတွေ ကျန်ခဲ့တယ်၊ အဲဒီတော့မှ  အခန်းဘေးက လူတွေ အလန့်တကြားထွက်လာပြီး လမ်းပွန်းနယ်မြနယ်မြေရဲစခန်းကို အကြောင်းကြားလိုက် တာလို့ ဆိုပါတယ်။ 

သူဟာ အဲဒီတိုက်ခန်းမှာ လာငှါးနေတာ ရက်ပေါင်း ၂၀ လောက်ပဲ ရှိသေးတာကြောင့် ဘာ အလုပ်လုပ်လဲ၊ ဘယ်သူတွေနဲ့ ပြဿနာဖြစ်ထားလဲဆိုတာတော့ မသိရဘူး၊ အဲဒီနေ့ကစ စိုင်းစွမ် ဝမ်းကို မတွေ့ရတော့ဘူးလို့  အိမ်နီးချင်းတွေက ပြောပါတယ်။ 

ရဲတပ်ဖွဲ့ဝင်တွေက စီစီကင်မရာစစ်ဆေးပြီး ပြစ်မှုကျူးလွန်သူ ၃ ယောက်ကို ဖမ်းဆီးအရေးယူဖို့ စုံစမ်းထောက်လှမ်းနေရာမှာ ဧပြီ ၂၄ ရက် နေ့ခင်း ၁၂ နာရီခွဲလောက်မှာတော့ မဲ့လိမ်းမြို့နယ် မဲ့လဲမ်းအုပ်စုအပိုင် ဒွိုင်ဆုထိပ်တောင်အတက်လမ်းက တောထဲမှာ အမျိုးသားအလောင်းတ လောင်း တွေ့ရှိကြောင်း ပြည်သူတွေက ရဲကိုအကြောင်းကြားခဲ့ပါတယ်။ 

တာဝန်ရှိသူတွေက သွား‌ရောက်စစ်ဆေးရာ အလောင်းမှာ မှောက်လျက်အနေအထားရှိပြီး ဦးခေါင်းအရိုက်ခံထားရတဲ့ ဒဏ်ရာတွေရှိကြောင်း၊ လမ်းမပေါ်ကနေ တောထဲအဝင်လမ်းမှာလည်း သွေးစတွေတွေ့တယ်။ ရဲစခန်းချင်းချိတ်ဆက်ပြီး ပျောက်ဆုံးနေသူနဲ့ တိုက်ကြည့်ရာမှာ စိုင်းစွမ်ဝမ်းရဲ့ အလောင်းဖြစ်နေတာလို့ ဆိုပါတယ်။

စိုင်းစွမ်ဝမ်း ဖမ်းဆီးသတ်ဖြတ်ခံရတဲ့ အကြောင်းရင်းနဲ့ ပြစ်မှုကျူးလွန်သူတွေကို တရားဥပဒေအရ အရေးယူဖို့ အမှုကို ဆက်လက်စုံစမ်းဖော်ထုတ်သွားမယ်လို့ တာဝန်ရှိရဲဝန်ထမ်းက  သတင်းထောက်တွေကို ပြောသွားပါတယ်။ 

ကိုးကား - mgronline

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024