Home
မြန်မာသတင်း
ရွေးကောက်ပွဲကျင်းပပြီး အရပ်သားအစိုးရ အမြန်ပြန်ပေါ်လာရန် နိုင်ငံရေးပါတီအချို့ မျှော်လင့်
အောင်သူ
·
April 25, 2024
UEC_23102023

မြန်မာနိုင်ငံမှာ စစ်အုပ်ချုပ်ရေးကြာမြင့်လာလေလေ နိုင်ငံအတွက် ဘေးထွက်ဆိုးကျိုး ပိုများလေဖြစ်တာကြောင့် ရွေးကောက်ပွဲကျင်းပပြီး အရပ်သားအစိုးရတရပ် အမြန်ပေါ်လာဖို့  နိုင်ငံရေးပါတီတချို့က  မျှော်လင့်နေကြပါတယ်။

အာဏာသိမ်း စစ်တပ်ဟာ နည်းလမ်းအမျိုးမျိုးနဲ့အရေးပေါ်ကာလကို သက်တမ်းတိုးပြီး နိုင်ငံတော်အာဏာကို ဆက်လက်ထိန်းချုပ်ထားတာက နိုင်ငံအတွက် ကောင်းတဲ့ လက္ခဏာမဟုတ်ဘဲ ဆိုးကျိုးကိုသာ ပိုဖြစ်စေလို့ ရွေးကောက်ပွဲ ကျင်းပပြီး အရပ်သား အစိုးရတရပ် အမြန်ပေါ်ပေါက်လာဖို့လိုတယ်လို့ မှတ်ပုံပြင်တင်ထားတဲ့ နိုင်ငံရေးပါတီ တချို့က ပြောပါတယ်။

စစ်တပ်က နိုင်ငံတော်အာဏာကိုသိမ်းယူပြီးနောက်ပိုင်း ပေါ်ပေါက်လာတဲ့ နိုင်ငံရေးအကျပ် အတည်းတခုကနေ လက်ရှိအချိန်မှာ တနိုင်ငံလုံးအနှံ့ လက်နက်ကိုင်တော်လှန်ရေးဆီကို ဦးတည်သွားခဲ့ပြီး နိုင်ငံတော်ရဲ့  ကဏ္ဍတိုင်းဟာ ဆုတ်ယုတ်ပျက်စီးမှုတွေ ဖြစ်ပေါ်လာနေပြီလို့လည်း ဆိုပါတယ်။

အမျိုးသားနိုင်ငံရေးမဟာမိတ်များအဖွဲ့ချုပ်ပါတီ  ဥက္ကဋ္ဌ  ဦးသိမ်းကြည်က “စစ်ရေးအရှိန်မြင့်ရင် ဒီမိုကရေစီနဲ့ဝေးမှာပဲ။ ဒီမိုကရေစီနဲ့ဝေးရင် ရွေးကောက်ပွဲမလုပ်နိုင်ဘူး။ နံပါတ် ၁ ကတော့ ငြိမ်းချမ်းရေးမရှိရင် ဒီမိုကရေစီမရှိဘူး။ ဒီမိုကရေစီမရှိရင် ပြည်သူဘဝတိုးတက်တာမရှိနိုင်ဘူး။ ဒီမိုကရေစီကို တကယ်လိုလားတယ်ဆိုရင် စစ်ရေးကိုမျှမျှတတနဲ့ သွားကြ။ ဒီမိုကရေစီအစိုးရနဲ့ အရပ်သားဗဟိုပြုတဲ့စနစ်ကို ယုံတယ်ဆိုရင် လက်နက်ကိုင်လမ်းစဉ်က စွန့်မလား မစွန့်ဘူးလား ဒါလား ကျနော်တို့မသိဘူးဗျာ။”

စစ်ကောင်စီဟာ  အာဏာစသိမ်းစက တနှစ်အတွင်း ရွေးကောက်ပွဲကျင်းပပြီး နိုင်တဲ့ပါတီကို အာဏာပြန်လွှဲပေးမယ်လို့ ထုတ်ပြန်ပြောဆိုခဲ့သလို နောက်ပိုင်းမှာလည်း ရွေးကောက်ပွဲ ကျင်းပမယ်လို့ အကြိမ်ကြိမ် ပြောဆိုနေပေမဲ့ အခု ၃ နှစ်ကျော်ရှိလာတဲ့အထိ ရွေးကောက်ပွဲ ဘယ်အချိန်မှာ ကျင်းပမယ်ဆိုတာကို  သတ်သတ်မှတ်မှတ်ကြေညာနိုင်ခြင်း မရှိသေးပါဘူး။

စစ်ရေးတည်ငြိမ်နေတဲ့မြို့တွေမှာတွေ လူဦးရေစာရင်း ပြန်လည်ကောက်ယူတာတွေအပြင် အီလက်ထရောနစ်မဲပေးတဲ့စနစ် ကျယ်ကျယ်ပြန့်ပြန့် သိရှိအောင် ပညာပေးလုပ်ငန်းတွေ ဆောင်ရွက်နေတာရှိတယ်လို့ နိုင်ငံရေးပါတီတွေကပြောပါတယ်။

အောက်တိုဘာလထဲမှာ တနိုင်ငံလုံးအဆင့် သန်းခေါင်စာရင်းကို ကောက်ယူသွားမှာဖြစ်တယ်လို့ ကြေညာထားတဲ့အတွက်ကြောင့် ဒီနှစ်ထဲမှာရွေးကောက် ပွဲဖြစ်နိုင်ဖို့ကမရှိတဲ့အတွက်ကြောင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လိုသလို အဓိပ္ပါယ်သတ်မှတ်ကာ သာမန်အခြေ အနေမဟုတ်ဘူးဆိုတဲ့ အကြောင်းချက်နဲ့  စစ်တပ်က အာဏာကို သက်တမ်း အကြိမ်ကြိမ် ထပ်တိုးနေမှာ ဖြစ်တယ်လို့လည်းဆိုပါတယ်။

စစ်တပ်က ရွေးကောက်ပွဲလုပ်နိုင်တဲ့နေရာမှာတွေရွေးကောက်ပွဲလုပ်ပြီး နိုင်ငံရေးအကျပ် အတည်းကို ကျော်လွှားဖို့ ကြိုစားနေတဲ့အတွက် လူထုက မဲပေးဖို့ စိတ်ပါဝင်စားမှုမရှိရင်လည်း လာပေးတဲ့ မဲရလဒ်တွေနဲ့ပဲ အရပ်သားအစိုးရ တရပ်ကို ဖော်ဆောင်သွားနိုင်တယ်လို့ ပြည်ထောင်စု မြန်မာနိုင်ငံအမျိုးသားနိုင်ငံရေးအဖွဲ့ချုပ်ပါတီ ခေါင်းဆောင်က ပြောပါတယ်။

ပြည်ထောင်စု မြန်မာနိုင်ငံအမျိုးသားနိုင်ငံရေးအဖွဲ့ချုပ်ပါတီဥက္ကဋ္ဌ  ဦးအေးလွင် “ရွေးကောက်ပွဲကို စိတ်ဝင်စားသည်ဖြစ်စေ၊ မဝင်စားသည်ဖြစ်စေ တပ်ကတော့ သူတို့လုပ်ရမယ့်ရွေးကောက်ပွဲကို လုပ်သွားမှာပဲ။ ပြည်သူလူထုက အဲဒီကိစ္စမှာ တိုင်းပြည်ရဲ့ထွက်ပေါက် နိုင်ငံရေးစနစ်တခုရဲ့ ပုံမှန်အခြေနေပြန်ရောက်ဖို့အတွက် ထွက်ပေါက် အဲလိုသုံးသပ်တယ်ဆိုရင်တော့ ပါမှာပေါ့။ အဲလိုသုံးသပ်ဖို့ အာရုံမကျဘူးဆိုရင်တော့ အာရုံကျတဲ့သူတွေပဲ ရွေးကောက်ပွဲလာမှာပေါ့။ မဲပေးကြမှာပေါ့။ ပေးတဲ့မဲနဲ့ပဲ ဆုံးဖြတ်ရင်ဆုံးဖြတ်သွားမှာပေါ့”လို့ ပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာ ရွေးကောက်ပွဲ ဥပဒေအသစ်တရပ်ကို ပြဋ္ဌာန်းပြီး အဲဒီဥပဒေအရ ပါတီမှတ်ပုံတင်ခွင့်ပြုထားတဲ့ နိုင်ငံရေးပါတီ ၅၀ နီးပါးရှိပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ မဲအများဆုံးရရှိခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အပါအဝင် လူထုထောက်ခံမှုရှိတဲ့ တိုင်းရင်းသားပါတီတွေနဲ့ နိုင်ငံရေးပါတီစုစုပေါင်း ၄၀ ကျော်ကို နိုင်ငံရေးပါတီအဖြစ်ကနေ ဖျက်သိမ်းခဲ့ပါတယ်။ 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013