ယီမင်ရှိ ဟူသီစစ်သွေးကြွတွေဟာ အမေရိကန်သင်္ဘော ၂ စင်းနဲ့ အစ္စရေးသင်္ဘောတစင်းတို့ကို တိုက်ခိုက်ခဲ့ကြောင်း ဟူသီအဖွဲ့ရဲ့ စစ်ဘက်ပြောရေးဆိုခွင့်ရှိသူ ယာယျာဆာရီးက ဧပြီ ၂၄ ရက်မှာ ပြောကြားလိုက်ပြီး ၂ ပတ်ကျော်ကာလအတွင်း ပထမဆုံးတိုက်ခိုက်မှုလည်း ဖြစ်ပါတယ်။
အေဒင်ပင်လယ်ကွေ့ရှိ အမေရိကန်ဖျက်သင်္ဘော မဲ့စ်ခ် ယော့ခ်တောင်းန်နဲ့ အိန္ဒိယသမုဒ္ဒရာအတွင်းရှိ အစ္စရေးသင်္ဘော MSC ဗီရာခရုဇ်တို့ကို သင့်လျော်တဲ့ ရေတပ်ဒုံးကျည်တွေ၊ မောင်းသူမဲ့လေယာဉ် ဒရုန်းအများအပြားနဲ့ ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာဖြစ်ပြီး ပစ်ခတ်မှုတွေကလည်း တိကျကြောင်း အီရန်မဟာမိတ် ဟူသီအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ယာယျာဆာရီးက ရုပ်မြင်သံကြားမိန့်ခွန်းမှာ ပြောသွားပါတယ်။
စစ်ဆင်ရေး ၂ ခုစလုံးဟာ သူတို့ရဲ့ ရည်မှန်းချက်တွေကို အောင်အောင်မြင်မြင် အကောင်အထည် ဖော်နိုင်ခဲ့တယ်လို့ ယာယျာဆာရီးက ပြောဆိုခဲ့ပါတယ်။
ယီမင်နိုင်ငံရဲ့ ဟူသီသူပုန်တွေက ဂါဇာကမ်းမြောင်ဒေသမှာ အစ္စရေးကို တိုက်ခိုက်နေတဲ့ ပါလက်စတိုင်းတွေနဲ့ စည်းလုံးညီညွတ်မှုရှိကြောင်း ပြတဲ့အနေနဲ့ နိုဝင်ဘာလကတည်းက ပင်လယ်နီဒေသမှာ သင်္ဘောတွေကို တိုက်ခိုက်နေတာ ဖြစ်ပါတယ်။
ရန်လိုကျူးကျော်မှုတွေ ရပ်တန့်ပြီး ဂါဇာကမ်းမြောင်ရှိ ပါလက်စတိုင်း ပြည်သူတွေကို ဝိုင်းရံပိတ်ဆို့ထားတာ ရုပ်သိမ်းသွားတဲ့အထိ ယီမင်စစ်တပ်ဟာ ပင်လယ်နီနဲ့ အာရေဗျ ပင်လယ်ထဲရှိ သိမ်းပိုက်ခံထားရတဲ့ ပါလက်စတိုင်းဆိပ်ကမ်းတွေအပြင် အိန္ဒိယသမုဒ္ဒရာထဲရှိ အစ္စရေးရဲ့ သွားလာနေတဲ့ လမ်းကြောင်းတွေကို ဆက်လက်တိုက်ခိုက်မယ်လို့ ယာယျာဆာရီးက ပြောပါတယ်။
သီးခြားအားဖြင့် ဗြိတိန် ရေကြောင်းလုံခြုံရေးကုမ္ပဏီ အမ်ဘရီဟာ အေဒင်ဆိပ်ကမ်းမြို့ အနောက်တောင်ဘက်က သင်္ဘောပေါက်ကွဲမှု ဖြစ်ပွားခဲ့တာကို သတိပြုမိခဲ့ကြောင်း ဗုဒ္ဓဟူးနေ့ အစောပိုင်းမှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။
အဲဒီတည်နေရာဟာ ဟူသီတွေက အစ္စရေး သို့မဟုတ် အမေရိကန်တို့နဲ့ ဆက်စပ်နေတယ်လို့ ဆိုတဲ့ သင်္ဘောတွေကို ပစ်မှတ်ထားလေ့ရှိတဲ့ နေရာတခု ဖြစ်ပါတယ်။
Source/Photo-Reuters