ကချင်ပြည်နယ်၊ မိုးမောက်မြို့ပေါ်မှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကြား ဧပြီ ၂၄ ရက်က တိုက်ပွဲတွေ ဆက်ဖြစ်ပြီး စစ်တပ်က လေကြောင်းတိုက်ခိုက်လို့ လုံဂျာရွာက ပြည်သူတဦး အသက်ဆုံးရှုံးခဲ့ရတယ်လို့ ဒေသခံထံက သိရပါတယ်။
ညနေ ၄ နာရီခွဲလောက်မှာ ဂျက်တိုက်လေယာဉ် ၂ စီးနဲ့ လေကြောင်းတိုက်ခိုက်ခဲ့တာလို့ မိုးမောက်မြို့ကနေ တိမ်းရှောင်လာသူတဦးက ပြောပါတယ်။
“၄ ခွဲလောက် ဂျက်လေယာဉ်တစီးနဲ့ ဗုံး ၂ လုံး အရင်ချတယ်၊ ပြီးရင် စက်သေနတ်နဲ့ပစ်တယ်၊ အဲ့တစီး ပြန်သွားပြီး နောက်တစီး ထပ်လာတယ်။ အဲလိုပဲ ပစ်သွားတာ။ လုံဂျာရွာပတ်ဝန်းကျင်နဲ့ ဝဝမ်ရွာဘက်ကိုပစ်တာ။ လုံဂျာရွာက အမျိုးသမီးတယောက် ထိတယ်။ အစပိုင်းကြားတာတော့ ဒဏ်ရာပြင်းထန်တယ်လို့ပဲ ကြားတာ။ နောက်တော့ ဆုံးသွားပြီလို့ ပြန်သိရတယ်။”
မိုးမောက်မြို့ပေါ်နဲ့ မြို့အနီးက ကျေးရွာတွေမှာ နေအိမ်စောင့်ဖို့ ကျန်ရှိနေတဲ့ ပြည်သူတွေ ကျန်ရှိနေသေးတာ ဖြစ်ပါတယ်။
မိုးမောက်မြို့တွင်းမှာလည်း နှစ်ဖက်တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ မိုးမောက်မြို့ခံတဦးက ပြောပါတယ်။
“မနက်ပိုင်းမှာလည်း ပစ်ခတ်သံတွေ ထပ်ကြားရတယ်။ အလင်းကောင် အနောက်ဘက်မှာ အကြီးသံကော အသေးသံတွေကော ကြားရတယ်။ သေနတ်သံတွေက စျေးပိုင်းတွေမှာကော ကြားရတယ်လို့ပြောတယ်။ လက်နက်ကြီးတွေကော နှစ်ဖက် အပြန်အလှန်ပစ်တာတွေ ရှိတယ်လို့ ပြောတယ်။”
နှစ်ဖက်တိုက်ပွဲတွေကြောင့် ခါနန်ရပ်ကွက်က မန္တလေးဘုန်းကြီးကျောင်းတိုက်မှာ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ပြီး ဘုန်းကြီးကျောင်းမှာ တိမ်းရှောင်နေတဲ့ ပြည်သူတွေ ထပ်မံတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။
မိုးမောက်မြို့ပေါ်မှာ ကျန်ရှိနေတဲ့ ပြည်သူတချို့ကို စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွားပြီး ပြန်လွှတ်ပေးခဲ့တဲ့ ပြည်သူတချို့ရှိသလို ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးတဲ့ ပြည်သူတွေလည်း ရှိနေတယ်လို့ သိရပါတယ်။
ဧပြီ ၂၃ ရက်ကလည်း ဗန်းမော်နဲ့ မိုးမောက် စစ်ကောင်စီတပ်စခန်းတွေကနေ ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် မိုးမောက်မြို့ပေါ်က ပြည်သူ ၃ ဦး အသက်ဆုံးရှုံးခဲ့ရပြီး ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါသေးတယ်။