အီရန်သမ္မတ အီဘရာဟင်မ် ရိုင်စီဟာ သီရိလင်္ကာနိုင်ငံဆီ ဧပြီ ၂၄ ရက်မှာ ရောက်လာပြီး ဒေါ်လာ ၅၁၄ သန်းတန် ရေအားလျှပ်စစ်စီမံကိန်းကို တရားဝင် ဖွင့်လှစ်ခဲ့ပါတယ်။
အူမာအိုယာ ရေအားလျှပ်စစ်စီမံကိန်းကို ၂၀၁၀ ခုနှစ်မှာဆောက်ဖို့ အီရန်က သဘောတူခဲ့ပေမဲ့ နောက်နှစ်မှာပဲ အမေရိကန်က အီရန်နိုင်ငံအပေါ် ပိတ်ဆို့အရေးယူတာတွေကြောင့် ငွေကြေးလွှဲပြောင်းဖို့ ခက်ခဲခဲ့တာပါ။
အီရန်က ဒေါ်လာသန်း ၅၀ ထုတ်ပေးပြီးတဲ့နောက် သီရိလင်္ကာနိုင်ငံဆီလွှဲပေးဖို့ ရန်ပုံငွေ ပြတ်သွားတဲ့အတွက် ကျန်ငွေတွေကို သီရိလင်္ကာက စိုက်ထုတ်ခဲ့ရပါတယ်။
ကိုဗစ်-၁၉ ကူးစက်ရောဂါ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိုးရိမ်ချက်တွေနဲ့ ရွာသားတွေရဲ့ ဆန္ဒပြမှုတွေကြောင့် နှောင့်နှေးတာတွေလည်း ကြုံတွေ့ခဲ့ရပါတယ်။
ဒီစီမံကိန်းဟာ ခရိုင် ၃ ခုမှာရှိတဲ့ ထောင်ချီတဲ့ မိသားစုတွေအတွက် လယ်မြေ ဧက ၁၅,၀၀၀ နဲ့ သောက်သုံးရေကို ဖြန့်ဖြူးပေးမှာဖြစ်ပြီး နိုင်ငံတော်ဓာတ်အားလိုင်းဆီကိုလည်း လျှပ်စစ်ဓာတ်အား ၂၉၀ ဂဂ္ဂါဝပ် ထပ်တိုးပေးနိုင်မယ်လို့ သီရိလင်္ကာသမ္မတရုံးက သတင်းထုတ်ပြန်ထားပါတယ်။
Source/Photo-Reuters