အောက်တိုဘာလကတည်းက ဂါဇာစစ်ပွဲနဲ့အပြိုင် စစ်မီးတောက်လောင်နေတဲ့ နယ်စပ်ဖြတ်ကျော် တိုက်ပွဲတွေအတွင်း အစ္စရေးစစ်တပ်ရဲ့ စစ်ဆင်ရေးတွေကြောင့် လက်ဘနွန်တောင်ပိုင်းရှိ ဟစ်ဇ်ဘိုလာတပ်မှူး ထက်ဝက်လောက် သေဆုံးခဲ့ကြောင်း အစ္စရေးကာကွယ်ရေးဝန်ကြီး ယိုအာ့ဗ် ဂါလန့်ထ်က ဧပြီ ၂၄ ရက်မှာ ပြောပါတယ်။
မကြာသေးတဲ့ရက်တွေအတွင်း နယ်စပ်ဖြတ်ကျော် တိုက်ခိုက်မှုတွေ အရှိန်မြင့်လာနေတာကြောင့် တိုက်လေယာဉ်တွေနဲ့ အမြောက်တွေဟာ လက်ဘနွန်တောင်ပိုင်းရှိ အိုက်တာ အက်ရှ် ရှက်ဘ် ကျေးရွာဝန်းကျင်မှာ ဟစ်ဇ်ဘိုလာ တိုက်ခိုက်ရေးသမားတွေနဲ့ ဆက်စပ်တဲ့ ပစ်မှတ် ၄၀ ကို ထိမှန်ခဲ့ကြောင်း အစ္စရေးစစ်တပ်က ဗုဒ္ဓဟူးနေ့ အစောပိုင်းမှာ ပြောကြားခဲ့ပါတယ်။
အစ္စရေးစစ်တပ်က ဖြန့်ဝေတဲ့ ဗီဒီယိုမှာ အဲဒီတိုက်ခိုက်မှုရဲ့ တစိတ်တပိုင်းလို့ ပြောထားတဲ့ ပေါက်ကွဲမှုအမျိုးမျိုးကို ပြသထားပါတယ်။
ရိုက်တာကတော့ အဲဒီဗီဒီယိုရဲ့ တည်နေရာ သို့မဟုတ် ရိုက်ကူးထားတဲ့ ရက်စွဲကို သီးခြား အတည်ပြုနိုင်ခြင်း မရှိပါဘူး။
လက်ဘနွန်မှ ဟစ်ဇ်ဘိုလာအဖွဲ့ကလည်း သူတို့ဟာ အစ္စရေးနယ်စပ်မြို့တမြို့ကို ဒုံးကျည် ဒါဇင်နဲ့ချီပြီး ပစ်ခတ်ခဲ့တယ်လို့ ဗုဒ္ဓဟူးနေ့က ပြောပါတယ်။
လက်ဘနွန်ရှိ သတင်းရင်းမြစ်တွေကလည်း မကြာသေးခင်ရက်တွေအတွင်း အကြမ်းဖက်မှုတွေ မြင့်တက်လာပြီးနောက်မှာ နယ်စပ်တလျှောက်နဲ့ နီးကပ်တဲ့ လက်ဘနွန်မြို့တမြို့ကို အစ္စရေးက ပြင်းပြင်းထန်ထန် တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ကြောင်း သတင်းပေးပို့ခဲ့ကြပါတယ်။
အခုနောက်ဆုံး ပစ်ခတ်တိုက်ခိုက်မှုတွေဟာ ဒီနှစ်တွေအတွင်း အဆိုးရွားဆုံး ဖြစ်ခဲ့ပေမဲ့ အကြမ်းဖက်မှုတွေဟာ အစ္စရေး-လက်ဘနွန် နယ်စပ်အနီး သို့မဟုတ် ဧရိယာတွေမှာ ဖြစ်ပွားနေပြီး အစ္စရေးတွေဟာ လက်ဘနွန်အရှေ့ဘက်ရှိ ဘီကားတောင်ကြားထဲကိုလည်း အခါအားလျော်စွာ ထိုးနှက်တိုက်ခိုက်ခဲ့ပါတယ်။
Source/Photo-Reuters