Home
မြန်မာသတင်း
ပခုက္ကူ၊ ကွမ်းခြံကုန်းနှင့် ဖားကန့်တွင် စစ်ကောင်စီ ဒေါက်တိုင် ၃ ဦး အသတ်ခံရ 
DVB
·
April 25, 2024
Kune 2542024

မကွေးတိုင်း၊ ပခုက္ကူမြို့နယ် ပခုက္ကူနည်းပညာတက္ကသိုလ် ဂိတ်စခန်းမှာ တာဝန်ကျ စရဖတပ်ဖွဲ့ဝင် တဦးကို လက်ဖက်ရည်ဆိုင်ထိုင်နေစဥ် ဧပြီ ၂၄ ရက် မနက် ၇ နာရီမှာ ဝင်ရောက်ပြီး ဖမ်းဆီးဖို့ ကြိုးစားချိန်မှာ ဓားနဲ့ပြန်တိုက်ခိုက်တာကြောင့် အသေပစ်ခတ်ခဲ့တယ်လို့ Southern YSO PDF ကနေ သိရပါတယ်။

Southern YSO PDF တာဝန်ခံ ကိုအောင်မောင်းက “သူက ကျနော်တို့ကိုမြင်တော့ လက်ဖက်ရည်သောက်နေရင်း ဆိုင်အနောက်ဘက်ကို ထွက်ပြေးတယ်။ ထွက်ပြေးပြီး ဆိုင်အနောက်ကဓားနဲ့ ပြန်တိုက်ခိုက်ဖို့လုပ်လို့ ကျနော်တို့ဘက်က အသေပစ်ခတ်ခဲ့ရတယ်” လို့ ပြောပါတယ်။

ပစ်ခတ်ခံရပြီးနောက် နေရာတင် သေဆုံးခဲ့တဲ့ စရဖ ဦးကျော်နိုင်ဝင်း အလောင်းကို စစ်တပ်ဘက်က နာရီဝက်အကြာမှာ လာရောက်သယ်ဆောင်သွားပါတယ်။

ဦးကျော်နိုင်ဝင်းက ပခုက္ကူနည်းပညာတက္ကသိုလ် GTC ဂိတ်မှာ ၂ နှစ်ကျော် တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး ဂိတ်ပတ်လည် မိုင်းဆင်တာ၊ ဂိတ်မှူးတာဝန် ယူထားသူဖြစ်ကာ သူကိုင်ဆောင်တဲ့ ဖုန်းထဲမှာလည်း PDF ထောက်ပို့နေအိမ်ပြ မြေပုံနဲ့ PDF ဆင်ထားတဲ့ မိုင်းပွိုင့်နေရာတွေကို တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

ရန်ကုန်တိုင်း၊ ကွမ်းခြံကုန်းမြို့နယ်၊ အင်္ဂလုံးအုပ်စု၊ ကသစ်ကုန်းကျေးရွာမှာ ဧပြီ ၂၄ ရက် ည ၈ နာရီက ရာအိမ်မှူးနေအိမ်ကို အမည်မသိ သေနတ်ကိုင်ဆောင်ထားသူတွေက ဝင်ရောက် ပစ်ခတ်ခဲ့ရာ ၂ ဦးသေဆုံးပြီး တဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဧပြီ ၂၄ ရက် ည ၈ နာရီလောက်က ကသစ်ကုန်းကျေးရွာမှာ နေထိုင်တဲ့ ရာအိမ်မှူး ဦးသိန်းဝင်း နေအိမ်ကို အမည်မသိ သေနတ်ကိုင်ဆောင်ထားသူတွေ ရောက်လာပြီး ဝင်ရောက်ပစ်ခတ်ခဲ့ရာ ရာအိမ်မှူးနဲ့ မြေးဖြစ်သူ အသက် ၁၄ နှစ်အရွယ် ကလေးငယ်တဦး သေဆုံးကာ သားဖြစ်သူ ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“ရာအိမ်မှူးအိမ်ထဲကို သေနတ်တွေနဲ့ဝင်ပစ်တာ၊ ၈ ချက် ၉ ချက်လောက်ရှိတယ်၊ သူ့မြေးလည်းသေတယ်၊ ရာအိမ်မှူးက ထွက်ပြေးတာ မလွတ်ဘူး၊ အိမ်အပြင်ဘက်မှာ သေတယ်၊ သူ့သားလည်း ဒဏ်ရာရသွားတယ်။”

ပစ်ခတ်မှုကြောင့် သေဆုံးသူတွေမှာ ရာအိမ်မှူး ဦးသိန်းဝင်းနဲ့ မြေးဖြစ်သူ အာကာလင်းဗိုလ် ဖြစ်ပြီး ဒဏ်ရာရရှိသူမှာ သားဖြစ်သူ ကိုကျော်စိုးသန့် ဖြစ်တယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

“ကျနော့်အထင်တော့ စစ်မှုထမ်းစာရင်းကြောင့် အပစ်ခံရတာဖြစ်မယ်။ ဒဏ်ရာရတဲ့သူလည်း အခြေအနေမကောင်းဘူး သေဖို့များတယ်။ လည်ပင်းနဲ့ လက်တွေ ထိထားတာ။ စစ်တပ်က ဆေးရုံခေါ်သွားတယ်။”

လတ်တလောမှာ စစ်ကောင်စီတပ်နဲ့ ကွမ်းခြံကုန်းမြို့မရဲစခန်းက ကသစ်ကုန်းကျေးရွာနဲ့ အနီးတဝိုက်မှာ ဧည့်စာရင်းစစ်တာတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ မတ် ၃၀ ရက် နေ့လယ်ကလည်း မြောက်ဒဂုံမြို့နယ် ၃၀ ရပ်ကွက် အုပ်ချုပ်ရေးမှူး လင်မယား ပစ်ခတ်ခံရပြီး အုပ်ချုပ်ရေးမှူး သေဆုံးကာ ဇနီးဖြစ်သူ ဒဏ်ရာရရှိခဲ့ပါတယ်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မော်ဝမ်းကျေးရွာမှာ ဧပြီ ၂၄ ရက် ညနေပိုင်းက အရန်မီးသတ်တပ်ဖွဲ့ဝင်တဦး သေနတ်နဲ့ ပစ်သတ်ခံခဲ့ရပါတယ်။

မော်ဝမ်းကျေးရွာ လမ်းဆုံအနီးမှာ အမည်မသိ သေနတ်သမားက အရန်မီးသတ်တပ်ဖွဲ့ဝင် တဦးကို သေနတ်နဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

ဒေသခံ အမျိုးသားတဦးက “ညနေ ၄ နာရီလောက်က မော်ဝမ်းလမ်းဆုံမှာ ပစ်သွားတာ။ အားလုံးပေါင်း ၃ ချက် အပစ်ခံရတယ်။ ပစ်ပြီး ဆိုင်ကယ်နဲ့ အဲဒီလူနှစ်ယောက် မောင်းထွက်သွားတယ်။ အပစ်ခံရတဲ့သူကတော့ အဲဒီနေရာမှာ ပွဲချင်းပြီးသေတယ်” လို့ ပြောပါတယ်။

အရန်မီးသတ်တပ်ဖွဲ့ဝင်ဟာ အသက် ၃၀ ကျော်ခန့်ရှိ ကိုသန့်ဇင်ဦးဖြစ်ပြီး အမည်မသိ သေနတ်သမား ပစ်ခတ်ခဲ့လို့ ဦးခေါင်း၊ ဝမ်းဗိုက်တို့မှာ ဒဏ်ရာရပြီး သေဆုံးခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ဒီဇင်ဘာ ၂၈ ရက်ကလည်း အမည်မသိ သေနတ်သမားက ပစ်ခတ်ခဲ့လို့ ဖားကန့်မြို့နယ်၊ တောင်ပြိုကျေးရွာက အရန်မီးသတ်တပ်ဖွဲ့ဝင် ဒုတပ်ခွဲမှူး ဦးသန်းကျော်  သေဆုံးခဲ့ပါသေးတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013