ချန်ပီယံပြေးလမ်းမှာ မန်စီးတီးအပါအဝင် အသင်းအားလုံးခြေချော်နိုင်သေးတယ်လို့ နည်းပြ ပတ်ဂွါဒီယိုလာက ပြောပါတယ်။
ဧပြီ ၂၆ ရက်မနက်က ကစားခဲ့တဲ့ ဘရိုက်တန်နဲ့ပွဲမှာ မန်စီးတီးက ၄ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီး ထိပ်ဆုံးက အာဆင်နယ်ထက် တပွဲလျော့အခြေအနေမှာ ၁ မှတ်သာကွာဟတော့တာပါ။
ချန်ပီယံပြေးလမ်းမှာ လီဗာပူးအသင်းက အဲဗာတန်နဲ့ ခရစ္စတယ်ပဲလေ့အသင်းတွေနဲ့ ပွဲစဉ်တွေမှာ ခြေချော်ခဲ့သလို မန်စီးတီးနဲ့ အာဆင်နယ်လည်း ကြုံတွေ့နိုင်ကြောင်း နည်းပြဂွါဒီယိုလာက ပြောပါတယ်။
အာဆင်နယ်အသင်းရဲ့ ဂိုးကွာခြားချက်ကို လိုက်မီဖို့ မလွယ်ကူတာကြောင့် ပွဲစဉ်အားလုံးအနိုင်ရရှိအောင်ကစားဖို့ သာ ပစ်မှတ်ထားတယ်လို့ ဂွါဒီယိုလာက ပြောပါတယ်။
မန်စီးတီးဟာ တနင်္ဂနွေနေ့မှာ နော်တင်ဟမ်ဖောရက်စ်နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး အဲဒီ မတိုင်ခင်မှာ အာဆင်နယ်က စပါးအသင်းနဲ့ လန်ဒန်ဒါဘီပွဲစဉ်ယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။
Photo-Reuters