Home
မြန်မာသတင်း
ကရင်နီတွင် ငှက်ဖျားရောဂါအတွက် ဆေးဝါးနှင့် ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်
DVB
·
April 26, 2024
mos 2642024

ကရင်နီ (ကယား)ပြည်နယ်က စစ်ဘေးရှောင်ပြည်သူတွေအဖို့ လာမယ့်မိုးရာသီအတွက် ငှက်ဖျားရောဂါနဲ့ ပတ်သတ်တဲ့ ဆေးဝါးတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေ လိုအပ်နေပြီး ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဖို့လိုတယ်လို့ စစ်ဘေးရှောင်တွေကို ကုသပေးနေတဲ့ ဒေါက်တာချစ်က ပြောပါတယ်။

“မိုးတွင်းတုန်းကတော့ တော်တော်ဆိုးဆိုးပဲပေါ့။ ခုလက်ရှိမှာလည်း ငှက်ဖျားကူးစက်ခံရသူတွေက ရှိနေတုန်းပဲ။ မိုးတွင်းကလောက်တော့ မများဘူးပေါ့။ ခုကတည်းက ထိန်းချုပ်တာတွေ မလုပ်ဘူးဆိုရင် ပျံ့သွားနိုင်တယ်။ ငှက်ဖျားက ထိန်းချုပ်ရခက်တယ်။ ပိုက်ဆံလည်းပိုကုန်တယ်။ လူအင်အားလည်းပိုကုန်တယ်။ ဒီကာလကတည်းက ငှက်ဖျားကို ထိန်းချုပ်ထားနိုင်ဖို့လိုတယ်။ ထိန်းချုပ်ဖို့အတွက် အစီအစဉ်တွေ၊ နည်းလမ်းတွေ ပြောရရင်တော့ အင်အားမကောင်းသေးဘူးပေါ့။ ဒီရာသီကတော့ ငှက်ဖျားအများကြီး ဖြစ်ပွားတဲ့ရာသီ မဟုတ်လို့ နည်းနည်းခံသာတယ်။ လာမယ့်မိုးရာသီမှာတော့ ကြီးကြီးမားမားကို ဖြစ်လာလိမ့်မယ်လို့ ယူဆတယ်။”

ခုလက်ရှိအချိန်မှာလည်း ဒီးမော့ဆိုမြို့နယ်နဲ့ ဖရူဆိုမြို့နယ်က ငှက်ဖျားပိုး ကူးစက်ခံရသူ စစ်ရှောင်စခန်းတချို့မှာ ၂ ယောက် ၃ ယောက် ဖြစ်ပွားနေတဲ့သူတွေရှိတယ်လို့ သိရပါတယ်။

လက်ရှိအ‌‌ခြေအနေအရ ငှက်ဖျားနဲ့ပတ်သက်တဲ့ ဆေးဝါးတွေ၊ Test kit တွေနဲ့ လိုက်လံစစ်ဆေးပေးနိုင်တဲ့ ကျန်းမာရေးဝန်ထမ်းတွေ အားနည်းပြီး ကြိုတင်ပြင်ဆင်မှု အနေနဲ့လည်း ဆေးခြင်ထောင်၊ ခြင်မကိုက်စေတဲ့ လိမ်းဆေးတွေ၊ ငှက်ဖျားရောဂါအတွက် ဆေးတွေ လုံလောက်ဖို့ အားနည်းတာကြောင့် မိုးရာသီကာလမှာ ငှက်ဖျားရောဂါတွေ ပျံ့နှံ့နှုန်း မြင့်လာမယ်လို့ ဆိုပါတယ်။

“မိုးတွင်းတုန်းက ဦးနှောက်ထဲကို ငှက်ဖျားပိုးဝင်တဲ့ လူနာတွေ ရှိတယ်ပေါ့။ တကယ်တော့ ဦးနှောက် ငှက်ဖျားပိုးဝင်တာက ဒီဘက်ခေတ်မှာ မဖြစ်သင့်တော့ဘူးပေါ့။ ကျနော်တို့ လက်လှမ်းမမှီတဲ့ နေရာတွေမှာလည်း အများကြီး ဖြစ်ကြတာပေါ့နော်။ မိုးရာသီလာတော့မှာဆိုတော့ ငှက်ဖျားနဲ့ပတ်သက်ပြီး ကြိုတင်ပြင်ဆင်စေချင်တယ်။”

မိုးရာသီအတွက် ကရင်နီပြည်နယ်မှာရှိတဲ့ ဆေးရုံ၊ ဆေးခန်းတွေနဲ့ စစ်ရှောင်တွေကို လိုက်လံကုသပေးနေတဲ့ အဖွဲ့အစည်းတွေအနေနဲ့ ငှက်ဖျားရောဂါနှိမ်နင်းနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

ဒီးမော့ဆို အနောက်ဘက်ခြမ်းမှာ သာမန်ဖျားနာတာ၊ နာတာရှည်ရောဂါဖြစ်ပွားတာ၊ နှာစီးချောင်းဆိုး နေမကောင်းဖြစ်တာတွေကြောင့် ဆေးခန်းလာပြကြတဲ့ စစ်ဘေးရှောင်ပြည်သူတွေက တလကို အယောက် ၁,၀၀၀ ကနေ ၁,၃၀၀ အထိ ရှိနေတယ်လို့ စစ်ရှောင်တွေကို ဆေးကုသပေးနေတဲ့ ဆေးခန်းတာဝန်ရှိသူဆီက သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013