Home
မြန်မာသတင်း
မြန်မာ့ငြိမ်းချမ်းရေးအစီအစဉ် ၁ ရပ် ထိုင်းအဆိုပြု
DVB
·
April 25, 2024
myanmar refugee_25042024

မြန်မာနိုင်ငံရဲ့ ပဋိပက္ခအကျပ်အတည်း လျော့ပါးလာစေဖို့နဲ့ ပတ်သက်ပြီး အာဆီယံ ၃ နိုင်ငံ ဒါမှမဟုတ် ၃ နိုင်ငံနဲ့အထက် ပူးပေါင်းဆောင်ရွက်မယ့် ငြိမ်းချမ်းရေးအစီအစဉ်တရပ်ကို ထိုင်းနိုင်ငံက အဆိုပြုလိုက်ပါတယ်။

ထိုင်းနိုင်ငံဟာ လူသားချင်းစာနာမှု အကူအညီပေးရေးနဲ့ ငြိမ်းချမ်းရေးမြှင့်တင်လိုတဲ့ ရပ်တည်ချက်အတိုင်း အခိုင်အမာ ရှိနေဆဲပဲလို့ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး ပြန်လည်ရရှိဖို့အတွက် လက်ရှိအာဆီယံဥက္ကဋ္ဌ လာအိုနိုင်ငံကနေတဆင့် သုံးပွင့်ဆိုင် (Troika) ဒါမှမဟုတ် ၃ နိုင်ငံနဲ့အထက် ပါဝင်မယ့် (Troika Plus) အစည်းအဝေး ကျင်းပနိုင်ရေးကို ညှိနှိုင်းဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ နီကော်န်ဒက်ရှ် ဘာလန်ကူရာကတော့ မြန်မာ့အရေး အစည်းအဝေးကို မိမိတို့နိုင်ငံအတွင်း ပြုလုပ်သွားမယ်ဆိုပြီး ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့မှာ အတည်ပြုပါတယ်။

အာဆီယံသုံးပွင့်ဆိုင် - ထရိုင်ကာ(Troika) ဆိုတာဟာ အရင်၊ လက်ရှိနဲ့ အနာဂတ်မှာ အလှည့်ကျဥက္ကဋ္ဌ ဖြစ်လာမယ့်၊ ဥက္ကဋ္ဌ ဖြစ်ခဲ့တဲ့ နိုင်ငံတွေရဲ့ နိုင်ငံခြားရေးဝန်ကြီးတွေ စုစည်းရာ အသိုက်အဝန်း ဖြစ်ပါတယ်။ 

“Plus” ဆိုတာကတော့ ၃ နိုင်ငံနဲ့အထက်ကို ညွှန်းဆိုတာဖြစ်ပြီး သက်ဆိုင်ရာအရေးကိစ္စတွေမှာ စိတ်ပါဝင်စားကာ ငြိမ်းချမ်းရေး ဆောင်ကြဉ်းပေးလိုတဲ့ အာဆီယံအဖွဲ့ဝင်တွေ ပါဝင်နိုင်တဲ့အကြောင်း ဖော်ပြထားတာပါ။

အမျိုးသားလုံခြုံရေး၊ နိုင်ငံတကာဆက်ဆံရေးနဲ့ လူအခွင့်အရေးဆိုင်ရာ အခြေခံမူတွေအရ ထိုင်းအစိုးရကလည်း စစ်ပွဲကြောင့် ထိခိုက်မှုရှိတဲ့ ဘက်အားလုံးကို လူသားချင်းစာနာမှု အကူအညီတွေ ထောက်ပံ့ပေးသွားမယ်လို့ ဆိုပါတယ်။

မြန်မာစစ်အစိုးရနဲ့ တော်လှန်ရေးအဖွဲ့တွေကြား ထိုင်းနိုင်ငံဟာ ကြားဝင်ညှိနှိုင်းပေးဖို့ အသင့်ရှိတဲ့အကြောင်း ပြောရေးဆိုခွင့်ရှိသူအနေနဲ့ ထပ်လောင်းပြောကြားပါတယ်။

“ထိုင်းနိုင်ငံဟာ ငြိမ်းချမ်းရေးအပေါ် အားပေးထောက်ခံပါတယ်။ ဒါကြောင့် ငြိမ်းချမ်းရေးရရှိဖို့ တက်ကြွစွာ မြှင့်တင်ပေးလိုတဲ့ ရပ်တည်ချက်အတိုင်း အလေးထား ဆောင်ရွက်နိုင်ဖို့က အရေးကြီးလှပါတယ်။ မြန်မာ့အရေးမှာပါဝင်တဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေသာ သဘောတူမယ်ဆိုရင် ငြိမ်းချမ်းရေးပွဲစားအဖြစ် ကြားဝင်ညှိနှိုင်းပေးဖို့ အဆင်သင့်ရှိနေတာကို မြင်နိုင်ပါတယ်” ဆိုပြီး ပြောခွင့်ပုဂ္ဂိုလ်အနေနဲ့ မှတ်ချက်ပေးပါတယ်။

ဒါ့အပြင် အမှတ် ၂ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားမှာလည်း တနင်္ဂနွေနေ့နောက်ပိုင်း တိုက်ပွဲဖြစ်ပွားတာမျိုး မရှိတော့တာကြောင့် စစ်ဘေးရှောင်အများစု နေရပ်ပြန်လာနေကြပြီ ဖြစ်ပါတယ်။

ထိုင်း-မြန်မာ နယ်စပ်မှာရှိတဲ့ မဲဆောက်မြို့ရဲ့  စစ်ဆေးရေးဂိတ်တွေ “ဘယ်တော့ပြန်ဖွင့်မလဲ” ဆိုတဲ့ မေးခွန်းကိုတော့ “မကြာခင်ပြန်ဖွင့်နိုင်ဖို့” မျှော်မှန်းထားတယ်ဆိုပြီး ပြောရေးဆိုခွင့်ရှိသူက တုံ့ပြန်ခဲ့ပါတယ်။

နောက်ဆုံးသတင်းတွေအရ အမှတ် ၁ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားရဲ့ စစ်ဆေးရေးဂိတ်ကို ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ပြန်ဖွင့်ထားပြီဖြစ်ကြောင်း သိရပါတယ်။

၂ နိုင်ငံကြား ကုန်သွယ်မှုအတွက် မြဝတီမြို့ဟာ အရေးကြီးပြီး အချက်အချာကျသလို အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော်နဲ့ ဘတ်ငွေအားဖြင့် ၃၆ ဘီလီယံဝန်းကျင် နှစ်စဉ်ဖြတ်သန်းရာလမ်းကြောင်းလည်း ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013