အောက်တိုဘာ ၇ ရက် အစ္စရေးတိုက်ခိုက်မှုအတွင်း ပြန်ပေးဆွဲခံရပြီး ဂါဇာကမ်းမြောင်ဒေသကို ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်ခံထားရတဲ့ အစ္စရေး-အမေရိကန် နိုင်ငံသား ဟာ့ရှ် ဂိုးလ်ဒ်ဘာ့ဂ်_ပိုလင်းကို ထင်ထင်ရှားရှား ပြသထားတဲ့ ဗီဒီယိုတခုကို အစ္စလာမ္မာစ်လှုပ်ရှားမှု ဟားမတ်စ်အဖွဲ့က ဧပြီ ၂၄ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
ရက်စွဲတပ်မထားတဲ့ အဲဒီဗီဒီယိုအတိုမှာ အသက် ၂၃ နှစ်အရွယ် အမျိုးသားဟာ အောက်တိုဘာလအတွင်းက ဟားမတ်စ် ဦးဆောင်တဲ့ တိုက်ခိုက်မှုအတွင်း ပေါက်ကွဲမှုကြောင့် သူ့ရဲ့ အောက်လက်မောင်း ဆုံးရှုံးနေတာကလွဲပြီး ကျန်းမာရေးကောင်းမွန်နေတာကို တွေ့ရပါတယ်။
ဟာ့ရှ် ဂိုးလ်ဒ်ဘာ့ဂ်-ပိုလင်းဟာ မနှစ်တုန်းက အယောက် ၁၀၀ ကျော် ပြန်လွတ်မြောက်လာပြီးနောက် ဖမ်းဆီးခံထားရဆဲ အစ္စရေးဓားစာခံ ၁၃၃ ဦးထဲက တဦးဖြစ်ပါတယ်။
ဧပြီ ၂၄ ရက်မှာ ဟားမတ်စ် ထုတ်ပြန်ခဲ့တဲ့ ဗီဒီယိုထဲမှာ သူတို့သား ဟာ့ရှ်ကို တွေ့မြင်ခဲ့ရတဲ့ ရေချယ်လ်နဲ့ ဂျွန် ပိုလင်းန် တို့ဟာ အစ္စရေးနဲ့ ဟားမတ်စ်တို့ကြား စေ့စပ်ညှိနှိုင်းမှုမှာ ပါဝင်နေတဲ့ နိုင်ငံတွေနဲ့ စေ့စပ်ညှိနှိုင်းရေး ပါတီတွေကို ဒီဆင်းရဲဒုက္ခတွေကို အဆုံးသတ်အောင် သဘောတူညီချက်တခု ရယူပေးဖို့ မေတ္တာရပ်ခံခဲ့ပြီး သူတို့သားကိုလည်း အားတင်းထားဖို့ အမှာစကား ပြောခဲ့ပါတယ်။
သူ့ရဲ့မိခင် ရေချယ်လ် ဂိုးလ်ဒ်ဘာ့ဂ်-ပိုလင်းဟာ အောက်တိုဘာ ၇ ရက်က နိုဗာ ဂီတပွဲအနီးမှာ တိုက်ခိုက်မှုတွေဖြစ်ပြီး ပြန်ပေးဆွဲခံခဲ့ရတဲ့ သူ့သား လွတ်မြောက်ရေးအတွက် တက်တက်ကြွကြွ လှုံ့ဆော်ပေးနေသူ ဖြစ်ပါတယ်။
အစ္စရေးနိုင်ငံသမိုင်းမှာ အဆိုးရွားဆုံး တိုက်ခိုက်မှုအတွင်း သေနတ်သမားတွေဟာ လူပေါင်း ၁,၂၀၀ လောက်ကို သတ်ဖြတ်ခဲ့ပြီး အစ္စရေးနဲ့ နိုင်ငံခြားသား ၂၅၀ လောက်ကို ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း အစ္စရေးစာရင်းတွေအရ သိရပါတယ်။
ဒါကို လက်တုံ့ပြန်တဲ့အနေနဲ့ အစ္စရေးက ဂါဇာကို ထိုးစစ်ဆင်ခဲ့ပြီး ဟားမတ်စ်တွေကို ဖျက်ဆီးပြီးတော့ ဓားစာခံတွေကို အိမ်ပြန်ပို့ပေးမယ်လို့ ကတိပြုခဲ့ပါတယ်။
လက်ရှိအချိန်ထိ အစ္စရေး တိုက်ခိုက်မှုတွေကြောင့် ပါလက်စတိုင်း ၃၄,၀၀၀ ကျော် သေဆုံးခဲ့ပြီဖြစ်ကြောင်း ဂါဇာ ကျန်းမာရေးအာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။
Source/Photo-Reuters