Home
ဆောင်းပါး
ပြည်ပထွက်လိုအား များနေချိန် ပတ်စ်ပို့ပေ့ချ်အတုတွေ သတိထား
DVB
·
April 24, 2024
Article_24042024

လက်ရှိကာလ မြန်မာနိုင်ငံတွင်းကနေ လူငယ်လူရွယ်တွေ ပြည်ပထွက်လိုအား များလာနေချိန်မှာ အွန်လိုင်းလူမှုကွန်ရက်ပေါ်မှာလည်း Passport ပေ့ချ် စာမျက်နှာအတုတွေ အချိန်ကိုက် ပွားများလာနေတဲ့အကြောင်းကို သတိပေး ပြောကြားလိုပါတယ်။

Passport လျှောက်ထားလိုသူတွေအတွက် ‘Passport Service Myanmar’၊ Passport Myanmar Service ဆိုတဲ့ နာမည်တွေနဲ့ ဖွင့်ထားတဲ့ Facebook ပေ့ချ်တွေ အများအပြား ရှိနေပါတယ်။ လူသုံးများတဲ့ Facebook ပေါ်မှာ ‘Passport Service Myanmar’ လို့ ရိုက်ရှာကြည့်တဲ့ အခါမှာလည်း နာမည်ဆင်တူနဲ့ Page ပေါင်း ၂၀၀ ကျော်အထိ ရှိနေတာ တွေ့ရပါတယ်။

ပြည်သူ့စစ်မှုထမ်းဥပဒေ ထွက်ပေါ်လာပြီးတဲ့နောက်မှာ မြန်မာနိုင်ငံတွင်းကနေ ပြည်ပထွက်ခွာလိုသူတွေ များပြားလာတဲ့အချိန်မှာ အချိန်ကိုက်အနေနဲ့ Passport ၅ ရက်အမြန်၊ ၁၀ ရက်အမြန် ဆိုတာတွေကနေ “၂ လအတွင်း ၃ လအတွင်း စာအုပ်သစ်လုပ်ချင်သူတွေ မေးမြန်းနိုင်တယ်”၊ “PJ စာအုပ်ကနေ PV ပြောင်းနိုင်မယ်၊ QR Code ရမယ်” ဆိုတဲ့ စာသားတွေ ရေးသားပြီး ဆွဲဆောင်ထားတာ တွေ့ရပါတယ်။

ဒါပေမဲ့ အဲဒီ Facebook စာမျက်နှာတွေကို စစ်ဆေးကြည့်တဲ့အခါမှာတော့ Page ဖွင့်ထားတာ လပိုင်း၊ ရက်ပိုင်းပဲ ရှိသေးတဲ့ ပေ့ချ်တွေရှိသလို ဖွင့်ထားတာ အချိန်ကြာနေပြီဖြစ်တဲ့ ပေ့ချ်အများစုကတော့ တခြားနာမည်တွေကနေ ‘Passport Service Myanmar’ ဆိုပြီး ပြောင်းလဲထားတာ ဖြစ်နေပါတယ်။

‘မြစိမ်းရောင် ချေးငွေလုပ်ငန်း’၊ ‘လိုအပ်ရင် ခေါ်ပါ’၊ ‘Cele Zone’၊ ‘ရတနာ Pk Tun’၊ ‘မိုးမြင့်အောင်’ စတဲ့နာမည်တွေကနေ ‘Passport Service Myanmar’ ဆိုပြီး ပြောင်းထားတာပါ။

အဲဒီထဲကမှ ‘မြစိမ်းရောင် ချေးငွေလုပ်ငန်း’ ဆိုတဲ့ ပေ့ချ်ကနေ ‘Passport Service Myanmar’ လို့ အမည်ပြောင်းထားတဲ့ Facebook လူမှုကွန်ရက်စာမျက်နှာမှာ ‘Passport’ အမြန်ရလိုတယ်ဆိုပြီး DVB Fact Check အနေနဲ့ Service ရယူလိုသူအနေနဲ့ မေးမြန်းကြည့်တဲ့အခါမှာ Passport ရဖို့အတွက် မှတ်ပုံတင်မူရင်း၊ အိမ်ထောင်စုစာရင်းမူရင်းနဲ့ ၁၀ ရက်နဲ့ Passport ရဖို့ ၅၂၅,၀၀၀ ကျပ် တောင်းပေမဲ့ လာပို့ရမယ့်နေရာကို မေးမြန်းကြည့်တဲ့အခါမှာတော့ ဓာတ်ပုံကိုသာ ပေးပို့ဖို့ ပြန်ပြောပါတယ်။

ရုံးလာဆွေးနွေးချင်ပါတယ်လို့ ထပ်ဆင့်တောင်းဆိုတဲ့အချိန်မှာ ရုံးခန်းလိပ်စာကို ပြန်မဖြေဘဲ Booking တင်ပြီး QR ယူပေးပါ၊ QR လျှောက်ပေးပါလို့သာ ပြန်လည်ဖြေဆိုပြီး Viber လာပေးပါဆိုပြီး Viber နံပါတ်ဖြစ်တဲ့ 09979697207 ကို ဆက်သွယ်ဖို့သာ ပြန်လည် ဖြေကြားပြီး ရုံးခန်းလိပ်စာကို မပေးပါဘူး။

ဒီလို Passport ဝန်ဆောင်မှု ပေးတယ်ဆိုတဲ့ Facebook လူမှုကွန်ရက်စာမျက်နှာတွေရဲ့ Followers ကလည်း ၁၀ ဂဏန်းဝန်းကျင်ကနေ ၂၀,၀၀၀ ကျော်အထိရှိတာ တွေ့ရပါတယ်။ တချို့ ပေ့ချ်တွေမှာဆိုရင်တော့ Passport အမြန်ရမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ ဆက်သွယ်‌ ငွေသွင်းခဲ့ပေမဲ့ အမှန်တကယ် Passport မရခဲ့ဘဲ ငွေလိမ်ခံခဲ့ရသူတွေရဲ့ မှတ်ချက်တွေကိုလည်း Page Reviews တွေမှာ ရေးထားတာ တွေ့ရပါတယ်။

Followers 21k ရှိတဲ့ ‘Passport Myanmar Service’ နာမည်နဲ့ ဖွင့်ထားတဲ့ Facebook စာမျက်နှာရဲ့ Reviews မှာဆိုရင် Scammer page, အလိမ်ခံလိုက်ရပါတယ်၊ Fake appointment တွေနဲ့ လိမ်တာပါ၊ မယုံပါနဲ့ဆိုပြီး ငွေလိမ်ခံလိုက်ရသူတွေရဲ့ Reviews တွေ တွေ့ရပါတယ်။

ဒါ့အပြင် အဲဒီပေ့ချ်မှာပဲ ဧပြီ ၇ ရက်နေ့က တင်ထားတဲ့ Passport 2024 (4) လပိုင်းအတွက် အမြန်ဝန်ဆောင်မှုများ ရပါပြီလို့ အစချီ ရေးသားထားတဲ့ Post ရဲ့ comment မှာ Passport လုပ်ပေးတာ အဆင်ပြေတယ်၊ 100 % အဆင်ပြေတယ်၊ စိတ်ရှည်ရှည်နဲ့ သေချာရှင်းပြပေးတာ ကျေးဇူးပါဆိုတဲ့ မှန်ကန်သယောင် ထောက်ခံရေးသားထားတဲ့ Comments တွေကိုလည်း တွေ့ရပါတယ်။ ဒါပေမဲ့ အဲဒီလို ထောက်ခံရေးသားတဲ့ Comments ပိုင်ရှင်တွေရဲ့ account တွေကို စစ်ဆေးကြည့်လိုက်တဲ့အခါမှာတော့ အကောင့်တုတွေ ဖြစ်နေပြန်ပါတယ်။ အကောင့်ပိုင်ရှင်တွေရဲ့ နာမည်တွေက မတူညီပေမဲ့ အကောင့်တွေထဲမှာ တင်ထားတဲ့ Posts တွေက ဆင်တူဖြစ်နေတာတွေ့ရလို့ Passport ရလိုတဲ့ ပြည်သူတွေ အလိမ်ခံရစေဖို့ အကောင့်တုတွေနဲ့ Passport ရသယောင် လိမ်လည်ရေးသားနေတာဖြစ်တာကို စစ်ဆေးတွေ့ရှိရပါတယ်။

လက်ရှိအချိန်မှာတော့ Passport လျှောက်ထားလိုတဲ့ ပြည်သူတွေ အနေနဲ့ စစ်ကောင်စီ လက်အောက်ခံ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးရဲ့ Website ဖြစ်တဲ့ https://www.passport.gov.mm/ မှာ ဝင်ရောက်ပြီး ကိုယ်တိုင်ကိုယ်ကျ Online Appointment ပြုလုပ်တာက စိတ်အချရဆုံး ဖြစ်နေပါတယ်။

ဒါကြောင့် Passport လျှောက်ထားလိုသူတွေအနေနဲ့ Facebook ပေါ်မှာ အလွယ်တကူ ဖွင့်နိုင်တဲ့ စာမျက်နှာတွေပေါ်မှာ အမြန်ရမယ်ဆိုတဲ့ မက်လုံးပေးရေးသားမှုတွေ၊ Passport အမှန်တကယ်ရကြောင်း ထောက်ခံရေးသားတဲ့ အကောင့်တုတွေရဲ့ မြှောက်ပင့်ပေးတဲ့ Comments တွေကို အလွယ်တကူ မယုံကြည်ကြဖို့၊ တောမီးလောင်ရာ သားကောင်ချနင်းမခံရစေဖို့ သေချာစိစစ်ဖို့ လိုအပ်ကြောင်း သတိပေး ပြောကြားလိုပါတယ်။

DVB Fact Check

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013