ရုရှားတရားရုံး တရုံးက သူလျှိုစွဲချက်နဲ့ တရားရင်ဆိုင်နေတဲ့ ဝေါစထရိဂျာနယ် သတင်းထောက် အီဗန် ဂျက်ရှ်ကိုဗစ်ချ်ရဲ့ နောက်ဆုံးအယူခံကို ဧပြီ ၂၃ ရက်မှာ ပယ်ချခဲ့ပါတယ်။
အသက် ၃၂ နှစ်အရွယ် ဂျက်ရှ်ကိုဗစ်ချ်ဟာ မနှစ် မတ် ၂၉ ရက်မှာ ပြည်ထောင်စု လုံခြုံရေးဌာန (FSB) က ဖမ်းတာကိုခံရအပြီး ရုရှားမှာ သူလျှိုလုပ်ခြင်းဆိုင်ရာ စွဲချက်နဲ့ တရားစွဲခံရတဲ့ ပထမဆုံးသော အမေရိကန် သတင်းထောက် ဖြစ်လာခဲ့ပါတယ်။
သူကိုယ်တိုင်ရော၊ သူ့သတင်းစာနဲ့ အမေရိကန်အစိုးရတို့ကပါ သူက သူလျှိုမဟုတ်ကြောင်း ငြင်းဆိုခဲ့ကြပါတယ်။
သူ့ရဲ့တရားခွင်အတွက် ရက်အတိအကျ မသတ်မှတ်ထားသေးပါဘူး။ သူ့ကို ထိန်းသိမ်းမှုကို ပြီးခဲ့တဲ့လက ဇွန် ၃၀ ရက်အထိ ၃ လ တိုးမြှင့်ခဲ့ပါတယ်။
ပြီးခဲ့တဲ့လက ကြားနာမှုကို စာနယ်ဇင်းတွေက သတင်းယူခွင့် ပိတ်ခဲ့ပေမဲ့ ဧပြီ ၂၃ ရက်ကတော့ တရားခွင်က မှန်ခန်းထဲမှာ ရပ်ရင်း မီဒီယာလုပ်ဖော်ကိုင်ဖက်တွေကို ပြုံးပြနေတဲ့ ဂျက်ရှ်ကိုဗစ်ချ်ကို သတင်းထောက်တွေက ဓာတ်ပုံ ရိုက်ကူးခွင့်ပေးခဲ့ပါတယ်။
နိုင်ငံရပ်ခြားမှာ ထိန်းသိမ်းခံထားရတဲ့ ရုရှားအကျဉ်းသားတဦးနဲ့ လဲဖို့ တချိန်ချိန်မှာ ဂျက်ရှ်ကိုဗစ်ချ်ကို လွှတ်ပေးနိုင်တယ်လို့ ရုရှားသမ္မတ ဗလာဒီမာပူတင်က ပြောခဲ့ပေမဲ့ ဒီနေ့ အချိန်အထိ သဘောတူညီချက်က အကောင်အထည်မပေါ်သေးပါဘူး။
Source/Photo - REUTERS/Tatyana Makeyeva