Home
မြန်မာသတင်း
ချင်းမိုင်တွင် မြန်မာရွှေ့ပြောင်းလုပ်သား မိသားစု ၃ ဦး အလောင်းတွေ့ ၊ ၂ ဦး ကြိုးဆွဲချသေ၊ ၁ ဦး ဓားထိုးခံရ 
DVB
·
April 24, 2024
IMG_6679

ထိုင်းမြောက်ပိုင်း၊ ချင်းမိုင်ခရိုင်၊ ဆန်ကန်ဖဲင်းမြို့နယ်ထဲမှာ ဧပြီ ၂၃ ရက်က   မြန်မာနိုင်ငံကလာတဲ့ ရှမ်းတိုင်းရင်းသား ရွှေ့ပြောင်းလုပ်သား မိသားစု ၃ ဦးရဲ့ အလောင်းတွေ့ရှိပြီး ဖခင်နဲ့ ၉ နှစ်ရွယ်သားလေးမှာ ကြိုးဆွဲချအနေအထားနဲ့ သေဆုံးကာ မိခင်မှာ ဓားထိုးဒဏ်ရာနဲ့သေဆုံးတယ်လို့  ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

မနေ့မနက် ၁၀ နာရီ ခွဲလောက်က ဆန်ကမ်ဖဲင်းမြို့နယ်၊ ပိုခန်းရပ်ကွက်၊ ပါတန်းရွာရှိ အိမ်တအိမ်မှာ ကြိုးဆွဲချသေနေတဲ့အလောင်းတွေ့ရှိကြောင်း အကြောင်းကြားချက်ရတဲ့အတွက် ဆန်ကမ်ဖဲင်းဆေးရုံက ဆရာဝန်၊ အရေးပေါ်လူနာတင်ကားတွေနဲ့အတူ သွားရောက် စစ်ဆေးခဲ့တယ်လို့  ဆန်ကမ်ဖဲင်းနယ်မြေရဲတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။ 

တာဝန်ရှိသူတွေ ရောက်သွားချိန် ပထမအိပ်ခန်း တံခါးပေါက်နားမှာ ကြိုးဆွဲချသေဆုံးနေတဲ့ အသက် ၉ နှစ်ရွယ် ယောကျ်ားလေးတယောက်အလောင်း၊ အဆိုပါ တံခါးနဲ့ မျက်နှာချင်းဆိုင် အခန်းတံခါးပေါက်မှာ ကြိုးဆွဲချသေဆုံးနေတဲ့ အမျိုးသားအလောင်း၊ အဲဒီအောက်မှာ လဲကျနေတဲ့ ခုံတလုံး တွေ့ရတယ်လို့ ဆိုပါတယ်။

ကလေးအလောင်းတွေ့တဲ့ အခန်းထဲဝင်သွားရာမှာတော့ ခုတင်ပေါ်မှာ အမျိုးသမီး ၁ ယောက်အလောင်း တွေ့ရကြောင်း၊ အလောင်းကို စောင်နဲ့ဖုံးထားပြီး လည်ပင်းရဲ့ ဘယ်ဘက်မှာ ဓားထိုးဒဏ်ရာရှိကာ အနီးအနားမှာလည်း သွေးတွေပေကျံနေတဲ့ ၁၀ လက်မအရှည်ရှိ ဓားတချောင်းကို တွေ့ရကြောင်းနဲ့ လွန်ခဲ့တဲ့ ၈ နာရီလောက်က သေဆုံးခဲ့ဟန်တူတယ်လို့  တာဝန်ကျရဲဝန်ထမ်းက ပြောပါတယ်။

သေဆုံးသူတွေမှာ စန်းထွေး (၃၈ နှစ်)၊ နန်းအွန် (၂၉ နှစ်)တို့ လင်မယားနဲ့ သားဖြစ်သူ နောင့်ထနဖွန်း (၉ နှစ်) တို့ဖြစ်ပြီး မြန်မာပြည်က ရှမ်းရွှေ့ပြောင်းအလုပ်သမားတွေ ဖြစ်ပါတယ်။

သူတို့လင်မယားဟာ ထိုင်းစားသောက်ဆိုင်မှာ အလုပ်လုပ်ပြီး  အဲဒီနေ့က အလုပ်လာလုပ်တာ မတွေ့သလို ဖုန်းဆက်လို့လည်း မရတာကြောင့် တခြားအလုပ်သမား တဦးကို  အိမ်လိုက်ကြည့်ခိုင်းတယ်၊ နိုင်းဝမ်း ဆိုသူ အလုပ်သမားက အဲဒီအိမ်ကို ရောက်သွားတော့ အိမ်ရှေ့တံခါးတွေ အကုန်ပိတ်ထားပြီး ဘာသံမှလည်း မကြားရလို့ နောက်ဖေး မီးဖိုချောင်ဘက်က ဝင်သွားရာ ကြိုးဆွဲချသေနေတဲ့ စန်းထွေးအလောင်းကို တွေ့တာကြောင့် အလုပ်ရှင်နဲ့ ရဲစခန်းကို အကြောင်းကြားလိုက်တာလို့ ဆိုပါတယ်။

နန်းအွန်ရဲ့ ဆွေမျိုးတော်စပ်သူ တဦးက သူတို့လင်မယားဟာ ဒီမတိုင်ခင်ရှေ့က မကြာခဏ စကားများတယ်၊ မိန်းမဖြစ်သူက ကွာရှင်းဖို့ ပြောတော့ အသက်ရှင်လျက်နဲ့ မကွာစေရဘူးလို့ ခြိမ်းခြောက်ဖူးတယ်လို့  ပြောပါတယ်။

စန်းထွေးဟာ မိန်းမနဲ့စကားများပြီး မိန်းမကို ဓားနဲ့ထိုးတယ်၊ မိန်းမ သေတော့ သားကို ဖမ်းပြီး ကြိုးဆွဲချသတ်တယ်၊ ပြီးတော့ သူ့ကိုယ်သူ ပြန်ပြီးအဆုံးစီရင်သွားတာ ဖြစ်နိုင်တယ်လို့ သုံးသပ်ပါတယ်။

ဒါပေမဲ့ အလောင်းဆေးစစ်ချက်အဖြေပေါ် မူတည်ပြီး ဖြစ်ရပ်မှန် ဆက်လက်စစ်ဆေးသွားမယ်လို့ ရဲတပ်ဖွဲ့က ပြောသွားပါတယ်။ 

Source: Khaosod/ Ch7

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013