မွန်ပြည်နယ်အတွင်းမှာ တိုက်ပွဲအရှိန်မြှင့်နိုင်ဖို့နဲ့ စစ်ရေးအရ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ ဧပြီ ၂၂ ရက်က မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) နဲ့ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP-AD တို့ ဆွေးနွေးခဲ့တယ်လို့ MSFC က ထုတ်ပြန်ပါတယ်။
MSFC နဲ့ NMSP-AD တို့က ပထဆုံးအကြိမ်အဖြစ် ဧပြီ ၂၂ ရက်က တွေ့ဆုံခဲ့ပြီး မွန်ဖက်ဒရယ်ကောင်စီမှ ကောင်စီဝင် ၉ ဦးနဲ့ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) အဖွဲ့မှ နိုင်ငံရေး စစ်ရေး ဦးဆောင်အဖွဲ့ ၆ ဦး တက်ရောက်ခဲ့ပါတယ်။
မွန်လူမျိုးတွေ ဦးဆောင်တဲ့ တော်လှန်ရေးအင်အားစုတွေနဲ့ စစ်ရေး၊ နိုင်ငံရေးအရ ပူးပေါင်းဆောင်ရွက်သွားဖို့ MSFC ရဲ့ ဒုတိယအကြိမ်ညီလာခံမှာ ဆုံးဖြတ်ခဲ့ပြီး ခုလို ပူးပေါင်းဆောင်ရွက်နိုင်ဖို့အတွက် သင်္ကြန်မတိုင်ခင်မှာလည်း NMSP-AD ကို စာပို့ခဲ့တယ်လို့ MSFC ဥက္ကဋ္ဌ နိုင်မွန်စိုင်းက ပြောပါတယ်။
“NMSP-AD နဲ့ ကျနော်တို့က မွန်ပြည်နယ်အတွင်းမှာ တိုက်ပွဲအရှိန်တွေ မြှင့်လာဖို့ရယ် စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်နိုင်ဖို့ ဆွေးနွေးခဲ့ကြပါတယ်။ ဆုံးဖြတ်ချက်ကျတော့ ဘာမှတော့ မကျသေးပါဘူး။ နှစ်ဖွဲ့အကြား လုပ်ငန်းညှိနှိုင်းရေးအဖွဲ့ ထူထောင်ဖို့ပဲ ဆုံးဖြတ်ခဲ့တယ်။ အဲဒီ လုပ်ငန်းညှိနှိုင်းဆောင်ရွက်အဖွဲ့ကနေတဆင့် ဘယ်လုပ်ငန်းတွေကို ညှိနှိုင်းဆောင်ရွက်လို့ရမလဲ ဆိုတာကို ကျနော်တို့ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။”
MSFC အနေနဲ့ မွန်ပြည်ကာကွယ်ရေးတပ် (MSDF) နဲ့ စစ်ရေးအရ ချိတ်ဆက်ဆောင်ရွက်နေတာရှိသလို တခြားမွန်တပ်ဖွဲ့တွေနဲ့ စကားပြောဆွေးနွေးနေတာရှိပြီး MSFC အနေနဲ့ ထုတ်ပြန်ပေးသွားမယ်လို့ ဆိုပါတယ်။
မွန်ပြည်ဖက်ဒရယ်ကောင်စီနဲ့ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်သွားတာကို ကြိုဆိုပြီး မွန်ပြည်သူတွေအနေနဲ့ မွန်လက်နက်ကိုင်တွေကို တစုတစည်းတည်း မြင်ချင်တယ်လို့ မွန်အမျိုးသားတဦးက ပြောပါတယ်။
မွန်ပြည်နယ်ဟာ တခြားဒေသတွေနဲ့ နှိုင်းယှဉ်မယ်ဆိုရင် တော်လှန်အရှိန်အဟုန်၊ စစ်ရေးစွမ်းအားနဲ့ ပူးပေါင်းဆောင်ရွက်မယ့် စွမ်းအားတွေ သိပ်မမြှင့်သေးတဲ့အတွက် မွန်ပြည်နယ်အတွင်း စစ်အာဏာရှင်ကို တော်လှန်နေတဲ့ အဖွဲ့တွေအားလုံး ဆွေးနွေးညှိနှိုင်းပြီး ပူးပေါင်းဆောင်ရွက်သွားမယ်လို့ MSFC ဥက္ကဋ္ဌ နိုင်မွန်စိုင်းက ပြောပါတယ်။
MSFC နဲ့ NMSP-AD တို့ ပူးပေါင်းဖွဲ့စည်းထားတဲ့ လုပ်ငန်းညှိနှိုင်းရေးအဖွဲ့မှ ညှိနှိုင်းသဘောတူညီမှု ရရှိထားတဲ့ လုပ်ငန်းတွေကို မွန်ပြည်သူတွေနဲ့ ပြည်ထောင်စုအတွင်းရှိ တိုင်းရင်းသားပြည်သူတွေကို ပုံမှန်တင်ပြသွားမယ်လို့ MSFC နဲ့ NMSP-AD တို့က ပူးပေါင်းထုတ်ပြန်ခဲ့ပါတယ်။