Home
နိုင်ငံတကာ
ယူကရိန်း၊ အစ္စရေးနှင့် ထိုင်ဝမ်တို့ကို ဒေါ်လာ ၉၅ ဘီလီယံ ကူညီရန် ကန်အထက်လွှတ်တော် အတည်ပြု
DVB
·
April 24, 2024
U.S. Senate passes $95 billion aid package for Ukraine, Israel and Taiwan

ယူကရိန်း၊ အစ္စရေးနဲ့ ထိုင်ဝမ်တို့အတွက် ဒေါ်လာ ၉၅ ဘီလီယံ အကူအညီပေးရေး အစီအစဉ်ကို အမေရိကန် အထက်လွှတ်တော်က ဧပြီ ၂၃ ရက် နှောင်းပိုင်းမှာ အတည်ပြုလိုက်ပါတယ်။

ရုရှားရဲ့ ကျူးကျော်တပ်ဖွဲ့ ရှေ့တိုးလာမှုတွေနဲ့ ကိယက်ဗ်ရဲ့ စစ်သုံးအထောက်အပံ့ ပြတ်လပ်မှုတွေအကြား လပေါင်းအတော်ကြာ ကြန့်ကြာနေတဲ့ နိုင်ငံခြားအကူအညီ ပက်ကေ့ချ်တွေဟာ အခုတော့ အမေရိကန် ကွန်ဂရက်လွှတ်တော်မှာ အလွယ်တကူ ကျော်ဖြတ်နိုင်ခဲ့တာဖြစ်ပြီး လတ်လတ်ဆတ်ဆတ် ယူကရိန်းရန်ပုံငွေအတွက် ဒေါ်လာဘီလီယံပေါင်းများစွာကို လမ်းရှင်းနိုင်ခဲ့ပါတယ်။

အောက်လွှတ်တော် ရီပတ်ဘလစ်ကန် ခေါင်းဆောင်တွေဟာ ပြီးခဲ့တဲ့သီတင်းပတ်က ရုတ်တရက် လမ်းကြောင်းပြောင်းသွားကာ ယူကရိန်း၊ အစ္စရေး၊ ထိုင်ဝမ်နဲ့ အင်ဒို-ပစိဖိတ်ဒေသရှိ အမေရိကန် လုပ်ဖော်ကိုင်ဖက်တွေအတွက် စစ်ရေးအကူအညီ အများစုအတွက် ဒေါ်လာ ၉၅ ဘီလီယံကို မဲခွဲဆုံးဖြတ်ခွင့် ပြုခဲ့ပါတယ်။

အဲဒီနောက် အောက်လွှတ်တော်က အတည်ပြုခဲ့တဲ့ ဥပဒေကြမ်း ၄ ခုကို အထက်လွှတ်တော်မှာ ပက်ကေ့ချ်တခုအဖြစ် ပေါင်းစပ်ထားပြီး ဒီမိုကရက် ၄၆ ဦး၊ ရီပတ်ဘလစ်ကန် ၃၁ ဦး၊ တသီးပုဂ္ဂလ ၂ ဦးတို့ရဲ့ ထောက်ခံမဲ ၇၉ မဲ၊ ကန့်ကွက်မဲ ၁၈ မဲ၊ မဲမပေးဘဲ ရှောင်လွှဲသူ ၄ ဦးတို့ ရှိခဲ့ပါတယ်။

ဒီပက်ကေ့ချ်ကို သမ္မတ ဂျိုးဘိုင်ဒင်က ဗုဒ္ဓဟူးနေ့မှာ ဥပဒေအဖြစ် လက်မှတ်ရေးထိုးမယ်လို့ ပြောကြားခဲ့ပါတယ်။

အဲဒီဥပဒေကြမ်း ၄ ခုအရ ယူကရိန်းအတွက် ဒေါ်လာ ၆၁ ဘီလီယံနီးပါး၊ အစ္စရေးအတွက် ဒေါ်လာ ၂၆ ဘီလီယံကျော်နဲ့ အင်ဒို-ပစိဖိတ်ဒေသရှိ နိုင်ငံများအတွက် ဒေါ်လာ ၈ ဘီလီယံကျော် ထောက်ပံ့ပေးမှာ ဖြစ်ပါတယ်။

ဒီပက်ကေ့ချ်ထဲမှာ တရုတ် ထိန်းချုပ်ထားတဲ့ TikTok လူမှုမီဒီယာအက်ပ်၊ ထိန်းသိမ်းထားတဲ့ ရုရှားပိုင်ဆိုင်မှုတွေကို ယူကရိန်းကို လွှဲပြောင်းခြင်းနဲ့ အီရန်အပေါ် ပိတ်ဆို့အရေးယူမှု အသစ်တွေ ပါဝင်နေတာ ဖြစ်ပါတယ်။

Source/Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013