မကွေးတိုင်း၊ မြိုင်မြို့ကနေ ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်တွေက ဧပြီ ၁၄ ရက်ကနေ ၂၂ ရက်အထိ လမ်းကြောင်းမှာ တောက်လျှောက် ဖြတ်တိုက်ခိုက်ခဲ့တာမှာ ရဲတပ်ဖွဲ့ဝင် ၅ ဦး သေဆုံးပြီး ၆ ဦး အရှင်မိကာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ မြိုင်-ပကဖကနေ သိရပါတယ်။
အဆိုပါတိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်က ရဲအုပ် သန်းဇော်လင်း၊ ရဲဒုတပ်ကြပ် မြင့်မိုး၊ ရဲတပ်သား ခန့်ထက်ကျော်၊ ရဲတပ်သား ထက်လင်းနဲ့ ရဲတပ်သား ဟိန်းပြည့်အောင်တို့ နေရာမှာတင် ပွဲချင်းပြီးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
ရဲအုပ် အောင်အောင်ခိုင်၊ ဒုတပ်ကြပ် အေးမင်း၊ ရဲတပ်ကြပ် ကျော်မင်းနိုင်၊ ရဲတပ်သား လျှမ်းပြည့်ချမ်းသာ၊ ရဲတပ်သား ခင်မောင်ထွေးနဲ့ ရဲတပ်သား ညွန့်ဝင်းတို့ ၆ ဦးကို အရှင်ဖမ်းမိခဲ့ပြီး သူတို့ရရှိတဲ့ဒဏ်ရာတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ဆေးတပ်ဖွဲ့ဝင်တွေက ကောင်းစွာ ဆေးကုသပေးနေတယ်လို့ သိရပါတယ်။
ဖမ်းဆီးရမိသူ ၆ ဦးကို အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်တွေ၊ စစ်သုံ့ပန်းထိန်းသိမ်းရေး ဥပဒေနဲ့အညီ ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
မြိုင်-ပကဖ ပြန်ကြားရေးတာဝန်ခံက “အဲဒီတိုက်ပွဲမှာ G-3 ၄ လက်၊ ကျည်ဘောက် ၄ ဘောက်၊ G-3 ကျည် ၃၀၀ တောင့်၊ 79 သေနတ် ၁ လက်၊ 40 မမ ကျည် ၁၀ လုံး၊ AK ၁ လက်၊ ကျည်ဘောက် ၂ ခု၊ ကျည် ၇၂ တောင့်၊ MA-11 ၁ လက်၊ ကျည်ဘောက် ၁ ခု၊ ကျည် ၄၀၀ တောင့်၊ BA-94 ၁ လက်၊ ကျည်ဘောက် ၂ ခု၊ ကျည် ၂၅၂ တောင့်နဲ့ လက်ပစ်ဗုံး ၁ လုံး သိမ်းဆည်းရရှိခဲ့တာ မှန်ပါတယ်” လို့ ပြောပါတယ်။
အဆိုပါတိုက်ခိုက်မှုကို မြိုင်-ပကဖနဲ့ မြိုင်-ဒရုန်းတပ်ဖွဲ့က ဦးစီးပြီး မြိုင်-ပကဖ အဖွဲ့ဝင်ဖြစ်တဲ့ Joker ဒရုန်းတပ်ဖွဲ့၊ ပေါက်-ဗိုလ်လရောင်တပ်ဖွဲ့၊ ပေါက်-ဗိုလ်ရိုးမတပ်ဖွဲ့၊ ပေါက်-ကင်ဒိုတပ်ဖွဲ့၊ ပေါက်-ဗိုလ်ဝင်းတပ်ဖွဲ့၊ ပေါက်-အရီးရဲဝင်းတပ်ဖွဲ့၊ ပေါက်-ဦးကြီးတပ်ဖွဲ့နဲ့ ဘာမထီပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ကနေ ပြန်ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့လို့ စစ်သား ၂၀ ကျော်သေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦး ကျဆုံးခဲ့ရတယ်လို့ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် ၁ စစ်ဒေသကနေ သိရပါတယ်။
ဧပြီ ၂၁ ရက် မနက်ပိုင်းမှာ ကောလင်းမြို့ကနေ ထွက်လာတဲ့ အင်အား ၁၅၀ ဝန်းကျင်ရှိတဲ့ စစ်ကောင်စီစစ်ကြောင်းကို တံစူးကုန်းကျေးရွာ အနောက်မြောက်ဘက် အရောက်မှာ ကောလင်းခရိုင်၊ အမှတ် ၁ တပ်ရင်းက တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
ကောလင်းခရိုင်၊ အမှတ် ၁ တပ်ရင်း၊ တာဝန်ရှိသူတဦးက “ကြိုတင်သတင်းရလို့ ကြားဖြတ်တိုက်ခိုက်လိုက်တဲ့အတွက် စစ်တပ်က ၂၀ လောက်သေတယ်။ သူတို့ဆီက ၆၀ မမ ပြောင်းတို ၁ လက်၊ ၆၀ မမ ဗုံးသီး ၆ လုံး၊ RPG ဗုံးသီး ၇ လုံး၊ အီနာဂါ ဗုံးသီး ၄ လုံး၊ လက်ပစ်ဗုံး ၁ လုံး၊ ကျည်မျိုးစုံ ၂၄၀၀ ကျော်၊ ကျည်အိမ် ၅ ခု၊ စစ်ဦးထုပ် ၄ လုံး၊ စစ်ရေဘူး ၄ လုံး၊ ကျည်ကာ ၈ ခု ရရှိသိမ်းဆည်းလိုက်တယ်” လို့ DVB ကို ပြောပါတယ်။
အဆိုပါတိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဘက်လည်း တဦး ကျဆုံးသွားတယ်လို့ သိရပါတယ်။
တိုက်ပွဲဖြစ်ပွားနေချိန်မှာ ဝန်းသိုမြို့က စစ်ကောင်စီတပ်စခန်းကနေ ဟောင်ဝစ်ဇာ လက်နက်ကြီးတွေနဲ့ ပစ်ကူပေးခဲ့ပြီး တိုက်ခိုက်ခံရတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ရှေ့ဆက်မသွားတော့ဘဲ ကောလင်းမြို့တွင်းကို ပြန်လည်ဝင်ရောက်သွားပါတယ်။