Home
မြန်မာသတင်း
တိုက်ပွဲငြိမ်သွားသဖြင့် မြဝတီက စစ်ရှောင်အများစု နေရပ်ပြန် 
DVB
·
April 23, 2024
myawa 2342024

ထိုင်း- မြန်မာနယ်စပ်၊ ကရင်ပြည်နယ်၊ မြဝတီမြို့က ထိုင်းဘက်ခြမ်းကို ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့ မြဝတီမြို့က စစ်ဘေးဒုက္ခသည်အများစု လတ်တလောမှာ တိုက်ပွဲတွေငြိမ်နေလို့  နေရပ်ပြန်သွားကြပြီလို့ အကူအညီပေးတဲ့သူတွေက  ပြောပါတယ်။

မြဝတီမြို့မှာ ပြီးခဲ့တဲ့ရက်ပိုင်းက စစ်ကောင်စီတပ်တွေနဲ့ KNLA ပူးပေါင်းတပ်တွေ တိုက်ပွဲတွေကြောင့် ထိုင်းဘက်ထွက်ပြေးခဲ့ရတဲ့ စစ်ဘေးဒုက္ခသည် ၃ ပုံ ၂ ပုံလောက်ဟာ အခြေအနေတည်ငြိမ်လာတဲ့အတွက် နေရပ်ပြန်သွားကြပြီလို့ ဘန်ကောက်ပို့စ်သတင်းစာမှာ ဧပြီ ၂၂ ရက်က ဖော်ပြပါတယ်။

မဲဆောက်မြို့မှာရှိတဲ့  ၂၅ ဂိတ်၊ ၁၃ ဂိတ်၊ ၈ ဂိတ်၊ ကျွဲခြံ၊ ရေပူနဲ့ မွေးမြူရေးဇုန်နေရာ ၆ ခုမှာ စစ်ရှောင်ဦးရေ ထောင်နဲ့ချီခိုလှုံနေရာကနေ ဧပြီ ၂၂ ရက်မှာ ရေပူနဲ့ မွေးမြူရေးဇုန်နေရာက စစ်ရှောင် ၈ဝဝ လောက်ပဲ ကျန်တော့တယ်လို့ ထိုင်းရောက် မြန်မာအရေးကူညီဆောင်ရွက်ပေးနေသူ ကိုဖိုးသင်္ကြန်က DVB ကို ပြောပါတယ်။

မြန်မာစစ်ဘေးဒုက္ခသည်တွေအနေနဲ့ ထိုင်းနိုင်ငံက စီစဉ်ပေးထားတဲ့ ခိုလှုံရာနေရာတွေမှာ တာလဘတ်တွေနဲ့ ပိုက်ဖျာတွေခင်းကာ ဖြစ်သလိုစုပြုံနေထိုင်ကြရတာဖြစ်ပြီး အဆင်မပြေမှုတွေ ရှိတာကြောင့် အများစုက တိုက်ပွဲငြိမ်နေတဲ့အချိန် နေရပ်ပြန်ကြတာဖြစ်နိုင်တယ်လို့ ကိုဖိုးသင်္ကြန်က ပြောပါတယ်။

အိမ်မှာ ကျန်ရစ်ခဲ့တဲ့ သူ့ရဲ့ ခွေးကလေးနဲ့ အိမ်ရဲ့ အခြေအနေကို သိရဖို့ တိုက်ပွဲငြိမ်တဲ့အချိန် အိမ်ကို ပြန်ခဲ့ပြီး စစ်ကောင်စီက လေကြောင်းကနေ ထပ်မံဗုံးကြဲလာတဲ့အခါမှာတော့ မဲဆောက်မြို့ဘက်ခြမ်းကို ပြန်လည်ရှောင်တိမ်းလာခဲ့ရတယ်လို့ မြဝတီမြို့ခံ စစ်ဘေးဒုက္ခသည် အမျိုးသမီးတဦးက ပြောပါတယ်။

မြဝတီဘက်ခြမ်း အမှတ် (၂) ထိုင်း - မြန်မာ ချစ်ကြည်ရေးတံတားအနီးမှာ တပ်စွဲထားတဲ့ ခလရ ၂၇၅ က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းစစ်ကြောင်းတို့ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က လေကြောင်းကနေ အကြိမ်ကြိမ်ဗုံးကြဲခဲ့တာကြောင့် မြဝတီက လူပေါင်းထောင်နဲ့ချီဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတာပါ။

တိုက်ပွဲတွေကြောင့် စစ်ဘေးတိမ်းရှောင်လာသူတွေဟာ မြဝတီမြို့ဘက်ခြမ်းရှိ သောင်ရင်းမြစ်ကမ်းပေါ်နဲ့ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ဘက်က ကျွဲနွားခြံတွေ၊ မွေးမြူရေးခြံတွေ၊ ဂိတ်စခန်းတွေမှာ ဖြစ်သလိုနေထိုင်ကြရတယ်လို့ စစ်ဘေးဒုက္ခသည်တွေကို အကူအညီပေးနေတဲ့ အရပ်ဖက်အဖွဲ့အစည်းတွေက ပြောပါတယ်။

ဧပြီ ၂၁ ရက် ညသန်းခေါင်အချိန်က စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုရှိခဲ့ပြီး ဧပြီ ၂၂ ရက် နေ့လယ်ပိုင်းအထိ နှစ်ဖက်တိုက်ပွဲနဲ့ စစ်ရေးအခြေအနေ ငြိမ်သက်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

 ဖူးအိအိနွယ်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013