Home
မြန်မာသတင်း
ခါမ်းပါတ်မြို့ လေကြောင်းတိုက်ခိုက်ခံရသဖြင့် ပြည်သူ ၃ ဦး သေဆုံး
DVB
·
April 22, 2024
KhamPat AirStrike_22042024

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ထိန်းချုပ်ထားတဲ့ ခါမ်းပါတ်မြို့နဲ့ အနီးဝန်းကျင်နေရာ ၄ ခုကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်တာကြောင့် ပြည်သူ ၃ ယောက် သေဆုံးပြီး ၃ ယောက် ပြင်းထန်ဒဏ်ရာရခဲ့ပါတယ်။ 

ဒေသကာကွယ်ရေးအဖွဲ့တွေ သိမ်းယူထားတဲ့ စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ခမ်းပါတ်မြို့နဲ့ အနီးဝန်းကျင်နေရာ ၄ ခုကို ဧပြီ ၂၂ ရက် မနက်အစောပိုင်း ၂ နာရီဝန်းကျင်မှာ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် ပြည်သူ ၃ ယောက် အခင်းဖြစ်နေရာမှာ သေဆုံးပြီး ၃ ယောက် ပြင်းထန်ဒဏ်ရာရခဲ့ပါတယ်။ 

စစ်ကောင်စီက ခါမ်းပါတ်မြို့ အမှတ် ၁ ရပ်ကွက်၊ အမှတ် ၄ ရပ်ကွက် နန်းစံပြစာသင်ကျောင်း၊ စော်ဘွားရေရှင်ရွာအစွန်နဲ့ ဇိုလင်းရွာတွေကို ဆက်တိုက်ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။ ခမ်းပတ်မြို့ အမှတ် ၁ ရပ်ကွက်က အမျိုးသားတဦးနဲ့ အမျိုးသမီးတဦး၊ စော်ဘွားရေရှင်ရွာက အမျိုးသမီးတဦးတို့ သေဆုံးခဲ့တယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။

တမူးတိုက်နယ်  ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဒုတာဝန်ခံ ဦးကပ်က “ခါမ်းပါတ်ကို ၂ နာရီနဲ့ ၁၄ မိနစ်မှာ ကြဲသွားတာ၊ ဒလန်ရဲ့ သတင်းအတိအကျပေးမှုကြောင့်ပေါ့။ သူတို့ချတာက ကျနော်တို့ တော်လှန်ရေးရဲဘော်တွေ ရှိတဲ့နေရာကို ချချင်တာ၊ ဒါပေမဲ့ လွဲသွားတာပေါ့။ ပြည်သူတွေတော့ ထိသွားတာပေါ့။ လက်ရှိ ခါမ်းပါတ် အမှတ် ၁ ထဲမှာ မိန်းကလေး ၂ ယောက်၊ ယောကျ်ားလေး ၂ ယောက်ထဲမှာက မိန်းကလေးတယောက်နဲ့ ယောကျ်ားလေးတယောက်က ပွဲချင်းပြီးပေါ့။ ပြီးရင် ယောကျ်ားလေးတယောက်ကတော့ မျက်စိထိတာပေါ့။ ဗုံးခိုကျင်းထဲကနေ လေယာဉ်ကို ကြည့်တာနဲ့ ကျောက်ခဲတွေ မှန်သွားတာနေမှာ၊ အဲဒီမှာ မျက်စိပြုတ်ထွက်သွားတာပေါ့။ ပြီးရင် အဘွားကြီးတယောက်ကတော့ အခုထိတော့ မသေသေးဘူး၊ ဒါပေမဲ့ အခြေအနေ မကောင်းပါဘူး” လို့ ပြောပါတယ်။

ခါမ်းပါတ်မြို့ကို ဒေသကာကွယ်ရေးအဖွဲ့တွေက ၂၀၂၃ နိုဝင်ဘာ ၇ ရက်မှာ သိမ်းယူခဲ့ပြီးနောက်ပိုင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်တာ၊ ပြောက်ကျားထိုးစစ်ဆင်တာတွေ ပြုလုပ်ပြီး မြို့ကို ပြန်သိမ်းဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့တာပါ။ လတ်တလော မြေပြင်တိုက်ပွဲတွေ မရှိပေမဲ့ စစ်ကောင်စီက ပြောက်ကျားစနစ်၊ လေကြောင်းတိုက်ခိုက်တာတွေနဲ့ မြို့ကိုပြန်သိမ်းဖို့ ကြိုးစားနေတာပါ။

တမူးတိုက်နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဒုတာဝန်ခံ ဦးကပ်က “ညတုန်းက ခါမ်းပါတ်မှာ အမှတ်တနေရာ၊ ခမ်းပတ် အမှတ် ၄ နန်းစံပြစာသင်ကျောင်းမှာတနေရာ၊ ပြီးရင် စော်ဘွားရေရှင်ရွာအစွန် အဲဒီမှာလည်း ချတယ်၊ စော်ဘွားရေရှင်ရွာအထွက်ဘက် ဇိုလင်းရွာထဲမှာလည်း ချသွားတာသူတို့၊ ၄ နေရာလောက်ပေါ့နော်။ နန်းစံပြစာသင်ကျောင်းမှာကျတော့ ကလေးလေးတယောက် ဒဏ်ရာရတယ်၊ ဒါပေမဲ့ ဒဏ်ရာကြီးကြီးမားမားတော့ မဟုတ်ဘူး။ အမှတ် ၁ ထဲမှာတော့ ပြည်သူအိမ် ၇ လုံးလောက် ပျက်စီးသွားတာပေါ့” လို့ ပြောပါတယ်။

စော်ဘွားရေရှင်ရွာသားတဦးက “သေဆုံးတာတော့ တယောက်ရှိတယ်၊ အသက် ၄၀ အရွယ် အမျိုးသမီး၊ ဒဏ်ရာရတာကတော့ ၈ ဦး အကျော်မှာရှိတယ်၊ စိုးရိမ်ရတဲ့လူနာကတော့ ၁ ယောက်ရှိတယ်၊ ဘာရှိလို့ ကြဲတယ်လို့တော့ ကျနော်လည်း မပြောတတ်ဘူးဗျ။ သူတို့ အဲဒီလို အလုပ်ခံရတာတော့ စိတ်ထဲမှာမကောင်းဘူးပေါ့။ အပြစ်မဲ့ပြည်သူတွေ” လို့ ပြောပါတယ်။

စစ်ကိုင်းတိုင်းအထက်ပိုင်း ကလေး-ခါမ်းပါတ်-တမူးလမ်းမှာ စစ်ကောင်စီကလမ်းကြောင်းတွေ အကုန်ပိတ်ဆို့ထားတာကြောင့် ကုန်စည်စီးဆင်းမှု အားလုံးရပ်တန့်နေပြီး ကုန်ဈေးနှုန်း အဆမတန် တက်လာတယ်လို့ ဒေသခံ PDF တွေက ပြောပါတယ်။ 

၂၀၂၃ နိုဝင်ဘာ ၇ ရက်နေ့က ခါမ်းပါတ်မြို့ကို PDF ပူးပေါင်းအဖွဲ့တွေက သိမ်းယူခဲ့ပြီးကတည်းက ကလေး-ခါမ်းပါတ်-တမူးလမ်းမှာ ထိတွေ့တိုက်ပွဲတွေဆက် တိုက်ဖြစ်ပွားခဲ့ပြီး သောင်းနဲ့ချီတဲ့ ဒေသခံပြည်သူတွေ စစ်ဘေးသင့်ပိတ်မိနေတယ်လို့ အရပ်ဘက်အဖွဲ့တွေက ပြောပါတယ်။

 သတင်း - ZA၊ KMT

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013