Home
မြန်မာသတင်း
မလေးရှားတွင် UN ကတ်အတုလုပ်သူ မြန်မာအချို့ ဖမ်းဆီးခံရ
DVB
·
April 22, 2024
FakeUNCard Malaysia_22042024

မလေးရှားနိုင်ငံမှာ UN ဒုက္ခသည်ကတ်အတုလုပ်မှုနဲ့ သံသယရှိတဲ့ မြန်မာအမျိုးသား ၂ ဦး အပါအဝင် တချို့ကို ကလန်တန်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးဌာန အာဏာပိုင်တွေက ဧပြီ ၁၉ ရက်မှာ ဖမ်းဆီးလိုက်တယ်လို့ မလေးရှားအခြေစိုက် ဘာနားမားသတင်းမှာ ဖော်ပြပါတယ်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ထုတ်ပေးတဲ့ ဒုက္ခသည်အဖြစ် ခိုလှုံခွင့် UN ကတ်အတု ပြုလုပ်တဲ့ သံသယ သတင်းပေးချက်နဲ့ ခရိုင်တွင်း ငှားရမ်း နေထိုင်တဲ့ နေအိမ်တလုံးကို ပူးပေါင်းစစ်ဆင်ရေးအဖွဲ့တွေက စီးနင်းစစ်ဆေးခဲ့ချိန်မှာ UN ကတ် အပလီကေးရှင်း စာရွက်သက်သေတွေနဲ့တကွ ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။

အိမ်တွင်း ဖမ်းဆီးခံခဲ့ရတဲ့ သံသယရှိသူတွေဟာ အသက် ၃၀ ကနေ ၃၉ နှစ်ကြား အရွယ်တွေ ဖြစ်ကြပြီး ဒေသတွင်း ထောက်လှမ်းရေးဌာနခွဲ၊ လက်ထောက်ညွှန်ကြားရေးမှူး (ထိန်းချုပ်ရေး) ရူဇီနာ မိုဟာမက်ကတော့ သူတို့ကို လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေ အပါအဝင် ဆက်စပ်ပုဒ်မတွေနဲ့ တရားစွဲဆို အရေးယူသွားမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဆက်လက်စုံစမ်းစစ်ဆေးမှုတွေအရ သံသယရှိသူတွေဟာ လွန်ခဲ့တဲ့သုံးနှစ်အတွင်း UN ကတ် တရားမဝင်ရရှိရေး လုပ်ဆောင်မှုတွေမှာ ပါဝင်ပတ်သက်နေတယ်လို့ ယူဆရတဲ့ UNHCR ကတ်လျှောက်လွှာစာရွက်စာတမ်းတွေကို ကွန်ပျူတာဖိုင်တွေထဲ သိမ်းဆည်းထားတာကို တွေ့ရှိခဲ့ရတယ်လို့လည်း သူက ပြောပါတယ်။

“ဒီလှုပ်ရှားမှုတွေကနေ ရရှိတယ်လို့ ယူဆရတဲ့ ငွေသား မလေးရှားရင်းဂစ် ၁၄၀,၀၀၀၊ လက်ပ်တော့ ၂ လုံးနဲ့ UNHCR ကတ်လျှောက်လွှာစာရွက် အတု ငါးခုကို သိမ်းဆည်းရမိခဲ့ပါတယ်။ ဒါက ဒီနှစ်မှာ ပထမဆုံး လိမ်လည်မှုပါ။ ဒီအဖွဲ့ဟာ နိုင်ငံတဝန်းလုံး လည်ပတ်နေပြီး သူတို့ရဲ့ လှုပ်ရှားမှုတွေကို ဖြန့်ဖို့ ဆိုရှယ်မီဒီယာကို အသုံးပြုနေတယ်ဆိုတာ ရှင်းပါတယ်။ ဖမ်းဆီးရမိတဲ့ ငွေကြေးအမြောက်အမြားအပြင် ဒီဝန်ဆောင်မှုကို ကွာလာလမ်ပူမှာသာ ရနိုင်လို့ မြန်မာနိုင်ငံသား အများအပြားက ဒီရွေးချယ်မှုကို ရွေးချယ်မယ်လို့ ယုံကြည်ပါတယ်။ ပါဝင်ပတ်သက်သူ အားလုံးကို လူဝင်မှုကြီးကြပ်ရေးဌာနကို ပေးပို့ထားပါတယ်။”

ဒါ့အပြင် ဥပဒေချိုးဖောက်တဲ့ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူတွေရဲ့ လှုပ်ရှားမှုတွေကို သတင်းပေး တိုင်ကြားဖို့ ပြည်သူတွေကို တိုက်တွန်းထားတယ်လို့လည်း သူက ပြောပါ တယ်။

“တရားမဝင် ရွှေ့ပြောင်းနေထိုင်သူတွေကို အကာအကွယ်ပေးမယ့် ဘယ်သူ့ကိုမဆို ပြင်းပြင်းထန်ထန် အရေးယူသွားမှာပါ” 

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံသားတွေ မလေးရှားနိုင်ငံထဲကို တရားမဝင် လမ်းကြောင်းကနေ ဝင်ရောက်သူပိုများလာပြီး ဒုက္ခသည်အဖြစ် ခိုလှုံခွင့် (UN) လျှောက်ထားသူတွေကို UNHCR ဝန်ထမ်း အယောင်ဆောင်ပြီး ငွေကြေးလိမ်လည်မှုတွေ ရှိနေတယ်လို့ မလေးရှားနိုင်ငံရောက် မြန်မာဒုက္ခသည်အရေး အကူအညီပေးနေသူတွေက ပြောပါတယ်။

UN လျှောက်တာနဲ့ပတ်သက်ပြီး အသိပညာမရှိသူတွေကို ပစ်မှတ်ထားကာ UN ကတ်ရအောင် လုပ်ဆောင်ပေးမယ်ဆိုပြီး ချဉ်းကပ်လိမ်လည်ကြတယ်လို့ သိရသလို WhatsApp ဒါမှမဟုတ် ဖုန်းမက်ဆေ့ချ်ကတဆင့် ဆက်သွယ်လာပြီး UNHCR ဝန်ထမ်းအယောင်ဆောင်၊ ပွဲစား အယောင်ဆောင်ကာ ကိုယ်ရေးအချက်အလက်တွေ တောင်းယူပြီး ငွေကြေးလိမ်လည် တောင်းခံနေတာတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။

UN ဒုက္ခသည်ကတ် ရှိထားရင် မလေးရှားနိုင်ငံအတွင်းမှာ အဖမ်းအဆီးမရှိ နေထိုင်နိုင်ပြီး တချို့လုပ်ငန်းတွေမှာလည်း ဝင်ရောက်အလုပ်လုပ်ကိုင်နိုင်တယ်လို့ သိရပါတယ်။

မလေးရှားအစိုးရကတော့ မလေးရှားနိုင်ငံဟာ ကုလသမဂ္ဂနဲ့ ဒုက္ခသည်လက်ခံရေး သဘောတူချက်ကို လက်မှတ်ထိုးမထားတဲ့ နိုင်ငံဖြစ်ပြီး နိုင်ငံထဲ အထောက်အထားမဲ့ ဝင်လာသူတွေကို ထိန်းသိမ်းထားပေမဲ့လည်း ရိုဟင်ဂျာမွတ်ဆလင်တွေနဲ့ UNHCR က အသိအမှတ်ပြုထားတဲ့ ဒုက္ခသည်တွေကိုတော့ နိုင်ငံထဲကနေ နှင်ထုတ်မှာ မဟုတ်ဘူးလို့ ကတိပြုထားပါတယ်။

Source : BERNAMA

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013