Home
မြန်မာသတင်း
ရန်ကုန်တွင် စစ်မှုထမ်းအပတ်စဥ် ၂ အတွက် စာရင်းကောက်
DVB
·
April 22, 2024
Military Training 2_22042024

ရန်ကုန်တိုင်းမှာ စစ်မှုထမ်းအပတ်စဥ် ၂ အတွက် ဧပြီ ၁၈ ရက်က စတင်ကာ အုပ်ချုပ်ရေးအဖွဲ့တွေက စာရင်းတွေ ပြန်လည်ကောက်ယူနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

တောင်ဒဂုံမြို့နယ်အတွင်းရှိ ရပ်ကွက်အချို့မှာ ဧပြီ ၁၈ ရက်က စတင်ကာ စစ်မှုထမ်းအပတ်စဥ် ၂ အတွက် စာရင်းများကို အုပ်ချုပ်ရေးအဖွဲ့က တအိမ်တက်ဆင်း လိုက်လံကောက်ယူတယ်လို့ မြို့ခံတဦးက ပြောပါတယ်။

“၂၄ ရပ်ကွက်မှာလည်း စာရင်းကောက်တယ်။ ၅၆ ရပ်ကွက်မှာလည်း ကောက်တယ်။ မဲနှိုက်မယ်ဆိုတဲ့ အသံတော့ မကြားရဘူး။ စာရင်းပဲ ကောက်တာ”လို့ ပြောပါတယ်။

လှိုင်သာယာအရှေ့ပိုင်း မြို့နယ် ၁၅ ရပ်ကွက်မှ စစ်မှုထမ်းစာရင်းကို အုပ်ချုပ်ရေးမှူးက ရာအိမ်မှူး၊ ဆယ်အိမ်မှူးများကို ကောက်ခိုင်းပြီး အုပ်ချုပ်ရေးမှူး မိသားစုဝင်တွေ စာရင်းကောက်ယူရာမှာ ပါဝင်ခြင်းမရှိဘူးလို့ ရပ်ကွက်နေသူတဦးက ဒီဗွိဘီ ကိုပြောပါတယ်။

“၁၅ ရပ်ကွက်မှာ နှစ်လုံးမှုနဲ့ ထောင်ကထွက်လာတဲ့ ဖိုးနီက အုပ်ချုပ်ရေးမှူး ဖြစ်နေတယ်။ သူ့သား ၃ ယောက်ရှိတယ်။ စာရင်းမပါဘူး။ နေစရာအိမ်မရှိဘူး။ ရေတုံကင်အကွက်မှာ ကျူးကျော်နေပြီး ကျန်တဲ့ကျူးတွေ ဖျက်တယ်။ စစ်တပ်ကို သတင်းပေးတယ်။ ၅၃၂ တပ်နဲ့ပေါင်းပြီး ရပ်ကွက်ထဲက လူငယ်တွေကို စစ်ထဲရအောင်ပို့တယ်။ ရပ်ကွက်ကတိုင်ရင် စစ်တပ်ကို ခေါ်ပြီး ခြိမ်းခြောက်တယ်” လို့ ပြောပါတယ်။

ရွှေပေါက်ကံမြို့နယ်မှာ ဒုတိယကြိမ် စာရင်းကောက်ယူခြင်းမရှိဘဲ အရင်ကောက်ယူထားသော စာရင်းတွေ မြို့နယ်ကို ပေးပို့ကာ စစ်သင်တန်းသွားရမယ့်အချိန် ညဥ့်နက်ပိုင်းမှ လာခေါ်တာ ဖြစ်တယ်လို့ မြို့ခံတဦးက ပြောပါတယ်။

“ရွှေပေါက်ကံမှာ သန်းခေါင်စာရင်းရှိတဲ့ အိမ်တွေကို အရင်ကတည်းက ကောက်တယ်။ သင်တန်းသွားရမယ်ဆို။ ညပိုင်းက စစ်ကားတွေနဲ့ လာပြီးခေါ်သွားတာ ဖမ်းမှန်းမသိ၊ စစ်မှုထမ်းဖို့ ခေါ်မှန်းမသိ။ အောက်ခြေမှာ အဲဒီလိုတွေ ဖြစ်နေတာ။”

ရန်ကုန်တိုင်းအတွင်းမှာ မြို့နယ်ပေါင်း ၄၅ မြို့နယ်ရှိပြီး ခရိုင်အလိုက် စာရင်းကောက်ယူတာ ကွာခြားသလို ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့က အောက်ခြေမှာ ငွေကြေးရယူတဲ့ ကိစ္စတွေနဲ့ တိုင်ကြားမှုရှိနေတယ်လို့ စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ (တိုင်းဒေသကြီး)နဲ့ နီးစပ်သူတဦးက DVB ကို ပြောပါတယ်။

“ဗဟိုကရော တိုင်းကရော မကောက်ခိုင်းတဲ့အချိန် ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့တွေက ကောက်တယ်။ အချို့ဆို ဒီဥပဒေကို နားမလည်ဘူး။ သူတို့သဘောနဲ့ မဲနှိုက်တာတွေ ဒီအသုတ်မှာ မပါဖို့ အလှည့်ကျော်ပေးတဲ့ ကိစ္စတွေ ငွေတောင်းတာတွေကြောင့် အတိုင်ခံရတဲ့သူတွေ ရှိတယ်”လို့ ရှင်းပြပါတယ်။

ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ် ၄၅ မြို့နယ်က စစ်မှုထမ်းရမယ့် လူတွေမှာ အမှတ် (၁) စစ်အခြေခံသင်တန်းကျောင်း (မင်းကုန်း) နဲ့ အမှတ် (၁) တန်းမြင့်သင်တန်းကျောင်းမှာ သင်တန်းတက်ရတာ ဖြစ်ပါတယ်။

စစ်ခေါင်းဆောင်က ဖေဖော်ဝါရီ ၁၀ ရက်မှာ လူတိုင်း စစ်မှုထမ်းရမယ့် ဥပဒေကို လက်မှတ်ရေးထိုးခဲ့ပြီး မတ် ၂၉ ရက်က စတင်ကာ သင်တန်းကျောင်း ၁၅ ကျောင်းမှာ ပထမအကြိမ် စစ်မှုထမ်းသင်တန်းကို စတင်ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013