ပဲခူးတိုင်းမှာ ဒုတိယကြိမ် စစ်မှုထမ်းအပတ်စဥ် ၂ မှာ ပါဝင်သူတွေကို စစ်တပ်နဲ့ရဲတွေက ဧပြီ ၂၀ ရက်မှစတင်ကာ စစ်ဆေးရုံတွေကို ခေါ်ဆောင်ကာ ဆေးစစ်နေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
စစ်မှုထမ်းအပတ်စဥ် ၂ မှာ စစ်မှုထမ်းသင်တန်း တက်မယ့်သူတွေကို ဧပြေ ၂၀ ရက်ကစတင်ကာ တောင်ငူ၊ အုတ်တွင်း၊ ပန်းတောင်း စတဲ့မြို့နယ်တွေက စစ်ဆေးရုံတွေမှာ ဆေးစစ်ချက်တွေ ပြုလုပ်ခဲ့တာလို့ အုတ်တွင်းမြို့ခံတဦးက ပြောပါတယ်။
“အုတ်တွင်းမှာ စစ်သင်တန်းပေးတာ လက်နက်ငယ်ပစ်ခတ်တဲ့အဆင့်ထိ ဖြစ်နေပြီ၊ ဒုတိယကြိမ်အတွက် ဆေးစစ်တာတွေ လုပ်နေပြီ။"
ပြည်ခရိုင် ပန်းတောင်းမြို့နယ်မှာ မနေ့ မနက်က အမှတ် ၄ စစ်ဆေးရုံမှာ စစ်မှုထမ်း ဒုတိယအသုတ်မှာ ပါဝင်တဲ့သူတွေကို ဆေးစစ်ဆေးမှုပြုလုပ်တယ်လို့ ဒေသခံတဦးက ပြောပါတယ်။
“ပန်းတောင်းက လူငယ် ၃၂ ဦးကို ထွေအုပ်နဲ့ရဲတွေက ခေါ်ပြီး အမှတ် ၄ စစ်ဆေးရုံမှာ သွေးပေါင်ချိန်တာတွေ၊ ကိုယ်အလေးချိန်တိုင်းတာတွေ ဖောင်ဖြည့်တာတွေ လုပ်တယ်၊ ဘယ်အချိန် သင်တန်းစတက်ရမလဲ မသိဘူး။”
တောင်ငူမြို့နယ်မှာ အမှတ် ၃ စစ်မြေပြင်ဆေးတပ်ရင်းမှာ ဒုတိယကြိမ် စစ်မှုထမ်းဆောင်မယ့်သူတွေကို ဆေးစစ်ဆေးပြီး စစ်အသုံးအဆောင်တွေ ထောက်ပံ့ပေးကာ သင်တန်းကျောင်းတခုကို ပို့ဆောင်ထားတယ်လို့ တောင်ငူတပ်နယ်နဲ့ နီးစပ်သူတဦးက ပြောပါတယ်။
“အခုတခေါက် ဘယ်မှာ သင်တန်းပေးမလဲတော့ မသိဘူး၊ ဆေးစစ်တာတွေတော့ အကုန်လုပ်ပြီးပြီ။ သင်တန်းသားအချို့ ခေါ်ထားတာလည်း ရှိတယ်။ အုတ်တွင်းမှာ အပတ်စဥ် ၁ အတွက် သင်တန်းပေးနေတော့ အပတ်စဥ် ၂ ကို ဘယ်မှာ သင်တန်းပေးမယ်ဆိုတာတော့ မသိရသေးဘူး။”
ပဲခူးတိုင်းမှာ စစ်မှုထမ်းအပတ်စဥ် ၁ ကို အုတ်တွင်းမြို့နယ်အခြေစိုက် အမှတ် ၆ တန်းမြင့်သင်တန်းကျောင်းမှာ သင်တန်းဖွင့်လှစ်ခဲ့တာပါ။