ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့မှာ ဧပြီ ၂၀ ရက်နေ့ ညနေပိုင်းက မိုးရွာလေပြင်းတိုက်ပြီး မိုးသီးတွေ ကြွေကျလို့ အိမ်အများအပြား အမိုးတွေ ပေါက်ပြဲပျက်စီးခဲ့ပြီး လူ ၃ ယောက် ဒဏ်ရာရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မံစီမြို့ခံတယောက်က “ကျမတို့တသက် ဒါမျိုးတခါမှ မကြုံဖူးဘူး။ ၄ နာရီမိနစ် ၂၀ လောက်က ဟုတ်တယ်။ ကားမှန်တွေ၊ ဆိုင်ကယ်ဘက်မှန်တွေ၊ အိမ်ခေါင်မိုးတွေ ပျက်စီးကုန်တယ်” လို့ ပြောပါတယ်။
ဗန်းမော်ဘက်က ကံသာ၊ သပြေကုန်း၊ စာဝတီးရွာဘက်မှာလည်း လေပြင်းတိုက်ပြီး မိုးသီးတွေ ကြွေလို့ ဓာတ်တိုင်တွေလဲကျ အိမ်တွေ သွပ်မိုးလန် ပျက်စီးကုန်သလို လူ ၃ ယောက်လည်း ထိခိုက် ဒဏ်ရာရသွားတယ်လို့ ဒေသခံတယောက် ပြောပါတယ်။
လောက်စာလုံးအရွယ် မိုးသီးတွေ ကြွေကျခဲ့တာဖြစ်ပြီး ဒါဟာ နှစ်ပေါင်း ၃၀ ကျော်အတွင်း ပထမဆုံးအကြိမ် ဖြစ်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
လေပြင်းတိုက်ခတ်တာနဲ့ မိုးသီးကြွေကျတာကြောင့် မံစီမြို့နဲ့ မံဖွ၊ ရေခူး၊ မန်ခန်၊ ကုန်းတိန် စတဲ့ရွာတွေ၊ ဗန်းမော်မြို့နယ်က ကံသာ၊ သပြေကုန်း၊ စာဝတီး စတဲ့ ရွာတွေမှာ အိမ် ၅၀ ကျော်လောက် အမိုးတွေ ပေါက်ပြဲ ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။