Home
မြန်မာသတင်း
မြဝတီတိုက်ပွဲတွင် လေကြောင်းပစ်ခတ်မှုကြောင့် သားအမိ ၂ ဦးထိမှန်၊ ၁ ဦးသေဆုံး
DVB
·
April 20, 2024
myawaddy_20042024

ကရင်ပြည်နယ်၊ မြဝတီမြို့၊  အမှတ် ၂ ချစ်ကြည်ရေးတံတားအနီး စစ်ကောင်တပ်ဖွဲ့တွေနဲ့ KNLA ပူးပေါင်းစစ်ကြောင်းတို့  တိုက်ပွဲတွေ ပြင်းထန်ခဲ့ရာ စစ်ကောင်စီက လေကြောင်းကနေ ပစ်ကူပေး တိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၁ ယောက် သေဆုံးပြီး ၁ ယောက် ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဧပြီ ၁၉ ရက်နေ့ ညကစတင်ပြီး တပ်ရင်းစွန့်ခွာထွက်ပြေးလာတဲ့ ခလရ ၂၇၅ တပ်က စစ်ကောင်တပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းစစ်ကြောင်းတို့ တိုက်ပွဲတွေ ပြင်းထန်နေတာဖြစ်ပြီး စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် မဟာစည်ဘုန်းကြီး​ကျောင်း၀င်းထဲ ကျရောက်ပေါက်ကွဲပြီး ဖြတ်သန်းသွားလာနေတဲ့ သားအမိ ၂ ယောက် ထိမှန်ဒဏ်ရာရရှိခဲ့ပါတယ်။

မြို့ခံပြည်သူတဦးက “လေကြောင်းကပစ်လို့ မဟာစည်ဘုန်းကြီး​ကျောင်း၀င်းထဲ ကျပေါက်ကွဲတဲ့ ဗုံးအစက လမ်းမှာဖြတ်သန်းသွားတဲ့ အစ်မရဲ့ ​ခေါင်းကိုမှန်ပြီး ​ဆေးရုံ​ရောက်​တော့ ဆုံးသွားပြီ။ သူ့သမီး​လေးက​ ခြေ​ထောက်ထိထားတယ်” လို့ ပြောပါတယ်။

မြို့ခံပရဟိတအဖွဲ့တာဝန်ရှိသူတဦးက “ဘုန်းကြီးကျောင်းထဲကျတဲ့ ဗုံးကြောင့် တယောက်ဆုံးသွားတယ်။ ကျန်တဲ့ကလေးက ကုသမှုခံယူနေတယ်။ အခု လက်ရှိ လေယာဉ်က ပစ်နေတုန်း ကြဲနေတုန်းပဲ။ နောက်ဆုံးအခြေအနေက အသေးစိတ်မသိသေးဘူး” လို့ ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် ရွှေစည်းစိမ် ရပ်ကွက်အတွင်းက နေအိမ်တွေ၊ တံတား ၂ အနီးက သိုလှောင်ရုံတွေ မီးလောင်ပျက်စီးခဲ့တာကြောင့် မြဝတီမြို့က ပြည်သူတွေဟာ မဲဆောက်မြို့နဲ့ နီးစပ်ရာ သောင်းရင်းမြစ် တဖက်ကမ်းကို ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ မြို့ခံပြည်သူတွေက ပြောပါတယ်။

မြန်မာ-ထိုင်းနယ်စပ် အမှတ် ၂ ချစ်ကြည်းရေးတံတားအနီး အခြေပြုတပ်စွဲနေတဲ့ မြဝတီမြို့စောင့်တပ်ဖြစ်တဲ့ ခလရ ၂၇၅ တပ်ရင်းက စွန့်ခွာထွက်ပြေးလာတဲ့ အင်အား ၂၀၀ လောက်ရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို KNLA၊ PDF ပူးပေါင်းစစ်ကြောင်းတွေက ဝိုင်းဝန်ပိတ်ဆို့ တိုက်ခိုက်နေဆဲဖြစ်ပြီး လေယာဥ်က အဆက်မပြတ် လာ​ရောက်တိုက်ခိုက်နေတယ်လို့ ကေအန်ယူ တပ်မဟာ ၆ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စောနယ်ဒါးထူးက ဒီဗွီဘီကို ပြောပါတယ်။

နှစ်ဖက်တိုက်ပွဲတွေကြောင့် မြန်မာ-ထိုင်းနယ်စပ်တလျှောက် ထိုင်းစစ်တပ်က လုံခြုံရေး အင်အားဖြည့်တင်းထားပြီး စောင့်ကြည့်နေတယ်လို့ မြေပြင်မှာရောက်ရှိနေတဲ့ မြို့ခံတယောက်က ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024