Home
မြန်မာသတင်း
စစ်တွေတွင် ဝမ်းရောဂါဖြစ်ပြီး ကလေးငယ်များအပါအဝင် လူ ၈၀ ထက်မနည်းသေဆုံး
DVB
·
April 20, 2024
Sittwe Diarrhoea_20042024

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်က မွတ်ဆလင်ကျေးရွာတွေနဲ့ ဒုက္ခသည်စခန်းတွေမှာ အခု ဧပြီလဆန်းကစပြီး ဝမ်းလျှော ဝမ်းပျက်ရောဂါဖြစ်ပွားလို့ ကလေးငယ်တွေ အပါအဝင် ၈၀ ထက်မနည်း သေဆုံးခဲ့တယ်လို့ ဒေသခံတွေနဲ့ စခန်းတာဝန်ရှိသူတွေက ပြောပါတယ်။

စစ်ကောင်စီက ထိန်းချုပ်ပိတ်ဆို့ထားတဲ့ စစ်တွေမြို့နယ်မှာ ဆေးဝါးပြတ်လပ်နေတာကြောင့်  မွတ်ဆလင်ကျေးရွာတွေနဲ့ ဒုက္ခသည်စခန်းတွေက လူတွေ သေဆုံးလာကြရတာဖြစ်တယ်လို့ စခန်းတာဝန်ရှိသူတွေက ပြောပါတယ်။

အုန်းတောကြီး ဒုက္ခသည်စခန်းက တာဝန်ရှိသူ တယောက်က “စစ်တွေက မွတ်ဆလင်ကျေးရွာတွေနဲ့ ဒုက္ခသည်စခန်း ၅ ခုထက်မနည်းမှာ ဝမ်းလျှောဝမ်းပျက်ဖြစ်ပြီးတော့ ကလေးတွေအပါဝင် လူ ၈၀ ထက်မနည်း သေဆုံးခဲ့ပြီလို့ သိရတယ်။ အဓိကတော့ ဆေးဝါးပြတ်တောက်မှုနဲ့ သောက်သုံးရေ မသန့်ရှင်းတာကြောင့် ဖြစ်ကြတယ်။ စစ်တွေမှာက စစ်ကောင်စီက ပိတ်ဆို့ ဖြတ်တောက်ထားတာကြောင့် ဆေးဝါးပြတ်တောက်မှုကတောက်မှုက အသက်အန္တရာယ်အတွက် တော်တော်လည်း စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေပြီ” လို့ ပြောပါတယ်။

စစ်တွေမြို့နယ်က ဆေးသမားဒုက္ခသည်စခန်း၊ အုန်းတောကြီးဒုက္ခသည်စခန်း၊ ဒါးပိုင်ကျေးရွာနဲ့ ဘာဆာရာကျေးရွာတို့က မွတ်ဆလင်တွေဟာ ဧပြီလဆန်းပိုင်းကတည်းက ဝမ်းလျှောဝမ်းပျက်ရောဂါ ဖြစ်နေကြတာပါ။

မွတ်ဆလင်ဒုက္ခသည်စခန်းတွေနဲ့ မွတ်ဆလင်ကျေးရွာတွေမှာ ဆေးဝါးပြတ်တောက်မှုဟာ ဆိုးရွားလာနေပြီး လွတ်လပ်စွာသွားလာခွင့်ကိုလည်း ကန့်သတ်ထားတာကြောင့် အသက်သေဆုံးမှု မြင့်တက်လာတာဖြစ်တယ်လို့ မွတ်ဆလင်လူငယ်တယောက်က ပြောပါတယ်။

“မွတ်ဆလင် ဒုက္ခသည်စခန်းတွေမှာရော ကျေးရွာတွေမှာပါ အခု တိုက်ပွဲကာလအတွင်း ဆေးဝါးပြတ်တောက်မှုက တော်တော်လည်း ဆိုးဆိုးရွားရွားရှိလာတယ်။ တချို့နေရာတွေမှာဆိုရင် ဘာဆေးမှကို မရှိတော့ဘူး။ ဝမ်းရောဂါက ကူးစက်လွယ်တာကြောင့် ဆေးဝါးမရှိတော့ အသက်သေဆုံးမှုတွေအထိ မြင့်တက်လာဖြစ်တယ်။ မြို့ထဲသွားပြဖို့ကလည်း စစ်ကောင်စီက သွားလာခွင့် ကန့်သတ် တင်းကြပ်ထားတာကြောင့်လည်း အသက်သေဆုံးမှု မြင့်လာတာဖြစ်တယ်” လို့ ပြောပါတယ်။

စစ်တွေမြို့နယ်က မွတ်ဆလင်တွေကို ခရီးသွားလာခွင့်နဲ့ ဆေးဝါးသယ်ယူကုသခွင့်ကို စစ်ကောင်စီက တင်းကျပ်စွာ ပိတ်ပင်ထားတာကြာ နှစ်ကာလ ကြာမြင့်လာပြီဖြစ်ပါတယ်။

မွတ်ဆလင် ဒုက္ခသည်စခန်းတွေမှာ ဆေးဝါးစောင့်ရှောက်မှုတွေပြုလုပ်နေတဲ့ အဖွဲ့အစည်း တချို့ဟာလည်း နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် စစ်တွေမြို့ကနေ ထွက်ခွာသွားကြတာပါ။

ရခိုင်ပြည်နယ်မှာ စစ်တပ်နဲ့ အေအေတို့ စစ်ရေးပြင်းထန်လာပြီးနောက် မြို့နယ်တိုင်းလိုလိုမှာ ဆေးဝါးပြတ်လပ်တာတွေ ဖြစ်နေပြီး အသက်သေဆုံးတာလည်း တိုးလာနေတယ်လို့ လူမှုကူညီရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013